သြစတြေးလျ၏ သတင်းပေးကူညီမှုကြောင့် ရုရှား-ထရန့် စုံစမ်းစစ်ဆေးမှုများ အစပျိုးခဲ့

သြစတြေးလျ၏ သတင်းပေးကူညီမှုကြောင့် ရုရှား-ထရန့် စုံစမ်းစစ်ဆေးမှုများ အစပျိုးခဲ့
Published 1 January 2018

၂၀၁၇ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သော ဂျာမနီ ဂျီ ၂၀ အစည်းအဝေးတွင် တွေ့ရသော အမေရိကန်သမ္မတထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အား တွေ့ရစဉ် (Photo - AFP)

အမေရိကန်ရွေးကောက်ပွဲကို နှောင့်ယှက်ရန်၊ ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံး ရေးအဖွဲ့နှင့် ပေါင်းကြံရန် ရုရှား၏ ကြိုးပမ်းမှုများအပေါ် FBI ၏ စုံစမ်းစစ်ဆေးမှု စတင်ရေးအတွက် သြစတြေးလျက ဝေမျှပေးခဲ့သည့် သတင်းအချက်အလက်များက အကူအညီဖြစ်ခဲ့ကြောင်း New Youk Times တွင် ဒီဇင်ဘာ ၃၀ ရက်က ဖော်ပြခဲ့သည်။

ရုရှားထံတွင် ဟီလာရီကလင်တန်နှင့် ပတ်သက်သော မကောင်းသတင်းများရှိနေသည်ဟု ထရန့်မဲဆွယ်စည်းရုံးရေးအဖွဲ့ထဲမှ နိုင်ငံခြားမူဝါဒရေးရာ အကြံပေးဟောင်းဖြစ်သူ ဂျော့ချ်ပါပါဒိုပေါလိုသည် သြစတြေးလျက နိုင်ငံခြားရေးဝန်ကြီးဟောင်း အလက်ဇန္ဒား ဒေါင်နာကို ပြောခဲ့ဖူးသည်ဟု Times တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပါပါဒိုပေါလိုသည် FBI ကို လိမ်လည်မိခဲ့ကြောင်း ဝန်ခံခဲ့သူဖြစ်သည်။

ယင်းနောက်ပိုင်းတွင် သြစတြေးလျသည် ၎င်း၏ ရင်းနှီးသော မဟာမိတ် အမေရိကန်ထံသို့ ထိုအကြောင်းအရာကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ထိုစဉ်က သြစတြေးလျ၏ ဗြိတိန်ဆိုင်ရာ ကော်မရှင်မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော ဒေါင်နာနှင့် ပါပါဒိုပေါလိုတို့သည် ထိုအကြောင်းကို၂၀၁၆ ခုနှစ် မေလက လန်ဒန်ရှိ အဆင့်မြင့်ဘားတစ်ခုတွင် ပြောခဲ့ခြင်းဖြစ်သည်ဟု Times တွင် ဖော်ပြခဲ့သည်။ ထို့ပြင် ဒီမိုကရက်တစ် သမ္မတကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်ကို အရှက်တကွဲ ဖြစ်စေမည့် အီမေးလ်ထောင်ပေါင်းများစွာ ရုရှားတွင်ရှိနေကြောင်းလည်း ပါပါဒိုပေါလိုက ပြောခဲ့သည်ဟု သိရသည်။

“ဒီမိုကရက်တစ် အီးမေးလ်တွေ အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာပြီး နှစ်လအကြာမှာ သြစတြေးလျအစိုးရအရာရှိတွေဟာ မစ္စတာပါပါဒိုပေါလိုအကြောင်းကို အမေရိကန်အစိုးရအရာရှိ တွေထံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု သြစတြေးလျ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ တိုက်ရိုက်သိရှိကြသည့် အမေရိကန်နှင့် နိုင်ငံခြားအစိုးရအရာရှိ လေးဦး၏ ပြောကြားမှုကိုကိုးကားပြီးTimes တွင် ဖော်ပြခဲ့ခြင်းသည်။  “ဒါဟာ အမေရိကန်ရဲ့ အနီးကပ်ဆုံး ထောက်လှမ်းရေးမဟာမိတ် တစ်ဦးထံကရရှိတဲ့ ကိုယ်တွေ့သတင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ FBI အတွက် တပ်လှန့်မှုတစ်ခုလည်း ဖြစ်လာသလို စုံစမ်းစစ်ဆေးမှု အစပျိုးဖို့ ကူညီမှုလည်း ဖြစ်လာပါတယ်” ဟု Times တွင် ဖော်ပြခဲ့သည်။

သို့သော် သြစတြေးလျအစိုးရသည် FBI သို့ သတင်းပို့ရန် အဘယ်ကြောင့် နှစ်လကြာအောင် စောင့်ခဲ့သနည်းဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

FBI ၏ စုံစမ်းစစ်ဆေးမှုအတွက် ဗြိတိန်၊ နယ်သာလန်အစိုးရတို့အပါအဝင် အခြားမဟာမိတ်များထံမှ ထောက်လှမ်းရေး သတင်းအချက်အလက်များကလည်း ပံ့ပိုးကူညီခဲ့သည်ဟု သိရသည်။

Ref ; AFP

Most Read

Most Recent