တရုတ်နိုင်ငံတွင် ဆင်စွယ်ရောင်းဝယ်ခြင်းအား အလုံးစုံပိတ်ပင်မှု စတင်အသက်ဝင်

တရုတ်နိုင်ငံတွင် ဆင်စွယ်ရောင်းဝယ်ခြင်းအား အလုံးစုံပိတ်ပင်မှု စတင်အသက်ဝင်
Published 1 January 2018

၂၀၁၅ ခုနှစ် မေ ၂၉ ရက်က ပေကျင်းတွင် ဖမ်းဆီးမိသည့် ဆင်စွယ်ထုတ်ကုန်များကို မဖျက်ဆီးမီ ကြည့်ရှုစစ်ဆေးနေသော အစိုးရဝန်ထမ်းများ (Photo - AFP)

တရုတ်အစိုးရ၏ ဆင်စွယ်ရောင်းဝယ်မှု အလုံးစုံပိတ်ပင်ခြင်းသည် ဒီဇင်ဘာ ၃၁ ရက်က စတင်အသက်ဝင်ခဲ့ပြီဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။ ယင်းသည် တစ်ချိန်က ကမ္ဘာအကြီးဆုံး ဆင်စွယ်မှောင်ခိုဈေးကွက် ကြီးဖြစ်ခဲ့သော တရုတ်နိုင်ငံကိုထိန်းချုပ်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများထဲမှ အဓိကခြေလှမ်းကြီးတစ်ရပ် ဖြစ်လာခဲ့သည်။

“ဒီနေ့ကစပြီး မည်သည့် ဈေး၊ ဆိုင်ကမဆို ဆင်စွယ်၊ ဆင်စွယ်နဲ့လုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူ၊ ရောင်းချတာဟာ ဥပဒေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်သွားပါပြီ” ဟု သစ်တောဝန်ကြီးဌာနက တရုတ်လူမှုမီဒီယာ Weibo ပေါ်ရှိ ယင်း၏ တရားဝင်အကောင့်တွင် ရေးသားထုတ်ပြန်ခဲ့သည်။

“အခုအချိန်ကစပြီး ကုန်သည်တစ်ယောက်ယောက်က သူဟာ အစိုးရခွင့်ပြုတဲ့ ဆင်စွယ်ရောင်းဝယ်သူတစ်ယောက် ဖြစ်တယ်လို့ လာပြောပြီဆိုရင်သူဟာ ဥပဒေနဲ့ မညီတာကို သိသိကြီးနဲ့ သင့်ကိုလိမ်လည်နေတာ ဖြစ်သွားပါပြီ” ဟု ဆက်လက်ရေးသားထားခဲ့သည်။

ယခုပိတ်ပင်မှုသည် အွန်လိုင်းပေါ်မှ ရောင်းဝယ်မှုများ၊ ပြည်ပမှ အမှတ်တရပစ္စည်း ဝယ်ယူမှုများအပေါ်တွင်လည်း သက်ရောက်မှုရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ အလုံးစုံမပိတ်မီ တစ်စိတ်တစ်ပိုင်း ပိတ်ထားစဉ်ကတည်းက တရုတ်နိုင်ငံထဲသို့ ဆင်စွယ်ဝင်ရောက်မှု အများအပြား ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာတွင် ဖော်ပြခဲ့သည်။ ပြည်တွင်းမှ ဆင်စွယ်အကြမ်းထည်များ၏ ဈေးနှုန်းမှာလည်း ၆၅ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟုလည်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ဆင်စွယ်ကုန်သွယ်ရေးကို အလုံးစုံပိတ်ပင်မည့်အကြောင်းကို ယမန်နှစ်ကုန်ကတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်လကဆင်ဟွာ သတင်းတစ်ပုဒ်ထဲ၌ တရုတ်ဆင်စွယ် ရောင်းဝယ်မှုထဲတွင်ပါဝင်သော စက်ရုံနှင့် ဈေးဆိုင် ၆၇ ခု ပိတ်သိမ်းလိုက်ရပြီဟု ဖော်ပြခဲ့သည်။ ကျန်ရှိနေသေးသော ၁၀၅ ဆိုင်မှာမူ ဒီဇင်ဘာ ၃၁ ရက်တွင် ပိတ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဆင်ကောင်ရေ ထောင်ပေါင်းများစွာ နှစ်စဉ်သတ်ဖြတ်ခံနေရသောကြောင့် ဆင်စွယ်ကုန်သွယ်မှုကို ပိတ်ပင်ပေးရန် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည့် တရုတ်အစိုးရသည် ၁၉၇၅ ခုနှစ်မတိုင်မီက ပြည်ပမှ တင်သွင်းသော ဆင်စွယ်နှင့် ဆင်စွယ်ထုတ်ကုန်များ အားလုံးကိုပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

ဆင်စွယ်အား အဆင့်အတန်းသင်္ကေတတစ်ခု အဖြစ်ရှုမြင်သော တရုတ်နိုင်ငံထဲတွင် အာဖရိကဆင်စွယ်များကို အဝယ်များကြသည်။ ထို့ကြောင့် တရုတ်နိုင်ငံထဲ၌ ဆင်စွယ်တစ်ကီလိုလျှင် ဒေါ်လာ ၁,၁၀၀ အထိ ပေါက်ဈေးရှိသည်။

ထိုစဉ် အာဖရိက၌ ဆင်များဖမ်းဆီးသတ် ဖြတ်ခံနေရသည့်အတွက် ပြီးခဲ့သည့် ၁၀ နှစ်အတွင်းက အာဖရိကဆင်ကောင်ရေ ၁၁၀,၀၀၀ လျော့ကျသွားကာ ၄၁၅,၀၀၀ ကောင်သာ ကျန်တော့သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမဂ္ဂမှ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ဆင်သတ်ဖြတ်ခံရမှုနှုန်းထားမှာ ယေဘူယျအားဖြင့် ကျဆင်းလာသော်လည်း တရားမဝင် သတ်ဖြတ်မှုများ ဆက်ရှိသေးသည့်အတွက် ဆင်ကောင်ရေမှာ ဆက်လက်လျော့ကျနေဆဲဖြစ်သည်ဟု မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ညီလာခံ၏ ယခုနှစ် အစီရင်ခံစာထဲတွင် ဖော်ပြခဲ့သည်။

Ref ; AFP

Most Read

Most Recent