လက်တင်အမေရိကဒေသအတွက် ရွေးကောက်ပွဲနှစ်ဖြစ်လာမည့် ၂၀၁၈

လက်တင်အမေရိကဒေသအတွက် ရွေးကောက်ပွဲနှစ်ဖြစ်လာမည့် ၂၀၁၈
Published 1 January 2018

၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်က ရီယိုဒီဂျနေရိုးရှိ အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်ရွာ၌ ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီ Odebrecht ဆိုင်းဘုတ်အား တွေ့ရစဉ် (Photo: AFP)

ဒီမိုကရေစီသက်တမ်း ဆယ်စုနှစ် အနည်းငယ်သာရှိသေးသော နိုင်ငံအများအပြားပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှု၏ အရိပ်လွှမ်းမိုးနေသော လက်တင်အမေရိကဒေသအတွက် လာမည့် ၂၀၁၈ ခုနှစ်သည် ရွေးကောက်ပွဲနှစ်ကြီးတစ်နှစ် ဖြစ်လာမည်ဖြစ်သည်။

လက်တင်အမေရိကဒေသတွင်းမှ လူဦးရေထက်ဝက်ခန့်သည် လာမည့်နှစ်အတွင်း မဲထည့်ရန် တာဝန်ရှိနေကြသည်။

ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော ဘရာဇီးနှင့် မက္ကဆီကို၊ အသစ်စက်စက် ငြိမ်းချမ်းရေးရရှိထားသည့် ကိုလံဘီယာ၊ ပြဿနာတက်နေသည့် ဗင်နီဇွဲလားတို့၌ ကျင်းပမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်သည့် အဓိကကျသော ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ခြစားမှု (သို့မဟုတ်) ဒေါသူပုန်ထမှုတို့၏ ရင်းမြစ်

ခြစားမှုကိစ္စများစွာနှင့် ဘရာဇီး ဆောက်လုပ်ရေးလုပ်ငန်းကြီး ပါဝင်သော Odebrecht အရှုပ်တော်ပုံသည် ဒေသတစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ Odebrecht လုပ်ငန်းကြီးသည် မြိုးမြိုးမြက်မြက်ရှိသည့် အစိုးရကန်ထရိုက်များကို လုပ်ခွင့်ရရှိရေးအတွက် လက်တင်အမေရိကထဲမှ အစိုးရအရာရှိများကို ဒေါ်လာဘီလျံနှင့်ချီ၍ လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းအရှုပ်တော်ပုံကြီးကြောင့် အီကွေဒေါ ဒုသမ္မတမှာ ထောင်ဒဏ်ခြောက်နှစ်ကျခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ပီရူးသမ္မတမှာ ထိုကိစ္စကြောင့်ပင် အယုံအကြည်မရှိအဆို တင်သွင်းခြင်း ခံခဲ့ရသည်။

သို့သော် Odebrecht အရှုပ်တော်ပုံသည် ဒေသတွင်း၌ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်နေသော ခြစားမှုကြီး၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်ဟု ပါရီရှိ Sciences-Po အင်စတီကျုရှိ လက်တင်အမေရိကရေးရာ လေ့လာသူတစ်ဦးဖြစ်သော Gaspard Estrada ၏ ပြောကြားချက်အရ သိရသည်။

“ဒီဒေသထဲမှာ ခြစားမှုဟာ ခိုင်ခိုင်မာမာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Economist Intelligence Unit မှ လက်တင်အမေရိကရေးရာ အကြီးအကဲဖြစ်သူ Fiona Mackie ကမူ “ဒါဟာ နောင်လာမယ့် နိုင်ငံရေးစက်ဝန်းအပေါ်ကိုပါ သက်ရောက်မှု ရှိပါလိမ့်မယ်။ Odebrecht အရှုပ်တော်ပုံဟာ နိုင်ငံရေးမြင်ကွင်း တစ်ခုလုံးကို လှုပ်ခါစေပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေသတွင်းမှ အစိုးရအရာရှိများ၏ မိမိကိုယ်ကျိုးစီးပွားကြီးထွားအောင် လုပ်ဆောင်မှု၊ အလွဲသုံးစားပြုမှုများကြောင့် စိတ်ကုန်နေသော မဲဆန္ဒရှင်ပြည်သူများကြားတွင် သည်းခံနိုင်စွမ်းအား ကုန်ခန်းစေကြောင်း Mackie က ဆက်လက် ပြောကြားခဲ့သည်။

“ဘရာဇီး၊ ကိုလံဘီယာ၊ မက္ကဆီကို ရွေးကောက်ပွဲတွေမှာ အပြောင်းအလဲလိုလားပြီး နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒေါသထွက်နေတဲ့ မဲဆန္ဒရှင်တွေ ကြီးစိုးနေပါတယ်။ ဒီအခြေအနေတွေကြောင့် ခန့်မှန်းရခက်ပြီး အနုတ်သဘောဆောင်တဲ့ အံ့သြစရာတွေ ဖြစ်လာတတ်ပါတယ်” ဟု Eurasia အတိုင်ပင်ခံအဖွဲ့၏ မကြာသေးမီက အစီရင်ခံစာအတွင်း ဖော်ပြထားသည်။ မကြာသေးမီက ချီလီသမ္မတ ရွေးကောက်ပွဲအတွင်း လက်ဝဲများအတွက် မျှော်လင့်မထားဘဲ ထောက်ခံများစွာ ရရှိခဲ့ခြင်းက သက်သေထူနေသည်ဟုလည်း ပြောကြားခဲ့သည်။

“မဲဆန္ဒရှင်တွေရဲ့ မချင့်မရဲဖြစ်မှုကို လျှော့မတွက်သင့်တဲ့ အကြောင်း ဒီဖြစ်စဉ်ဟာ စေ့ဆော်မှုတစ်ခု ဖြစ်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အပြင်လူများအတွက် အခွင့်အလမ်းပွင့်ခြင်း

၂၀၁၈ အတွင်း လက်တင်အမေရိက၏ နိုင်ငံရေးအခင်းအကျင်းတွင် အရေအတွက် ကြီးထွားလာသည့် နိုင်ငံရေးစနစ်ပြင်ပမှလာသော ကိုယ်စားလှယ်များဖြင့် ပြည့်နှက်လျက်ရှိသည်။

ခြစားမှုများကြောင့် အရည်အချင်းမမီဖြစ်နေရသည့် အစဉ်အလာ နိုင်ငံရေးအသိုင်းအဝိုင်းအပေါ် ပြည်သူများ၏ စက်ဆုတ်မှုကို ပြင်ပမှလာသူများက ချေဖျက်နိုင်မည့်သဘောရှိကြောင်း Estrada က ပြောကြားခဲ့သည်။

သို့သော် နိုင်ငံရေးပြင်ပမှ ဝင်လာသူများသည် ဒီမိုကရေစီစနစ်ကို အားနည်းစေသော အယူအဆများကို ကိုင်စွဲလာလိမ့်မည်ဖြစ်သည်ဟု ၎င်းက သုံးသပ်နေစဉ်မှာပင် ဘရာဇီးရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့်သူတစ်ဦးဖြစ်သော လက်ယာစွန်းရောက် စစ်သားဟောင်းတစ်ဦးဖြစ်သည့် Jair Bolsonaro မှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အချို့သော ရှေးရိုးစွဲဝါရင့်နိုင်ငံရေးသမားများကလည်း လူကြိုက်များစေရန်အတွက် ၎င်းတို့ကိုယ်ကိုယ်အပြင်လူအဖြစ် ပုံဖော်လျက်ရှိကြကြောင်း Mackie က ဆိုသည်။ “အပြင်လူဆိုတာဟာလည်း ယန္တရားတစ်ခုရှိတဲ့ နိုင်ငံရေးပါတီတစ်ခုနဲ့ မဟာမိတ်ဖြစ်ဖို့လိုပါတယ်။ အဲဒီလူရဲ့နောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ရှိဖို့လိုပါတယ်” ဟု ၎င်းက ထပ်ဖြည့်ပြောကြားခဲ့သည်။

လာမည့် ဇူလိုင် ၁ ရက်တွင် မက္ကဆီကိုသည် ဆယ်စုနှစ်များစွာအတွင်း မရေမရာအရှိဆုံးနှင့် လက်ငင်းအကျိုးသက်ရောက်မှု အရှိဆုံး ရွေးကောက်ပွဲများနှင့် ကြုံရလိမ့်မည်ဟု Eurasia ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လက်ရှိတွင်မူ လက်ဝဲယိမ်းကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် Andres Manuel Lopez Obrador သည် ရွေးကောက်ပွဲကို အနိုင်ရရန် အကောင်းဆုံး အခြေအနေသို့ ရောက်နေဖွယ်ရသည်။

လက်ယာဘက်သို့ ယိမ်းခြင်း

ဒီဇင်ဘာလလယ်က ဒုတိယအကျော့ ရွေးကောက်ပွဲအတွင်း အနိုင်ရသွားကာ သမ္မတအဖြစ်ရွေး ကောက်ခံလိုက်ရသည့် ကွန်ဆာဗေးတစ်ဘီလျံနာသူဋ္ဌေး ဆီဗက်စ တန်ပီညဲရာက ဒေသထဲတွင် လက်ယာဘက်သို့ ယိမ်းနေကြပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဒေသတွင်းမှ လက်ယာအင်အားသည် အာဂျင်တီးနားမှ မာရီစီယို မက်ခရီ၊ ဘရာဇီးမှ မီချယ်တီမာ၊ ပီရူးမှ ပက်ဒရိုပါဘလိုကူဇင်စကီးတို့ အာဏာရရှိပြီးနောက်ပိုင်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

သို့သော် စီးပွားရေး အခြေအနေ အဆိုးရွားဆုံးဖြစ်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင်မူ လက်ဝဲသမ္မတ မာဒူရိုကသာ ပြန်လည်အနိုင်ရရှိလိမ့်မည်ဟု Eurasia က ခန့်မှန်းနေကြသည်။

Ref :AFP

Most Read

Most Recent