<

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီမွတ်စလင် ၁၀၀,၀၀၀ ကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသို့ပြန်ပို့ရန် ရည်မှန်းထား

နိုဝင်ဘာ ၃၀ ရက်က ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွင် အကူအညီရရှိရန် တန်းစီနေကြသော ဘင်္ဂါလီဒုက္ခသည်များအား တွေ့ရစဉ် (Photo – AFP)

ယခုနှစ်အတွင်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအနက် လူပေါင်း ၁၀၀,၀၀၀  ခန့်အထိကို ပထမဆုံး အသုတ်အဖြစ် မြန်မာနိုင်ငံသို့ပြန်ပို့ရန် လိုလားကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အကြီးတန်းဝန်ကြီးတစ်ဦးဖြစ်သော အိုဘေဒူကာဒါက လူပေါင်း ၁၀၀,၀၀၀ ၏ အမည်စာရင်းကို ဒီဇင်ဘာ ၂၉ ရက်တွင် မြန်မာအာဏာပိုင်များထံသို့ ပေးပို့ထားပြီး နှစ်နိုင်ငံအစိုးရအဖွဲ့များအကြား သဘောတူညီထားသည့်အတိုင်း ဇန်န၀ါရီနှောင်းပိုင်းတွင် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးကို စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။

သြဂုတ်လအနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ရပ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမွတ်စလင် ၆၅၅,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော မြန်မာနိုင်ငံ၌ ယင်းမတိုင်မီက ဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း ၃၀၀,၀၀၀ သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ$ ရှိထားနှင့်ပြီးဖြစ်သည်။

ဇန်န၀ါရီ ၂၃ ရက်မှစ၍ ဒုက္ခသည်များကို ပြန်လည်လက်ခံမည့် သဘောတူညီချက် တစ်ရပ်ကို နိုဝင်ဘာလအတွင်းက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ကြောက်လန့်နေကြသော ဘင်္ဂါလီမွတ်စလင်များအနေဖြင့် နေရပ်ပြန်ရေးကို သဘောတူညီနိုင်မည်လား ဟူသည်နှင့်ပတ်သက်၍ အကူအညီပေးရေးအဖွဲ့များနှင့် သံတမန်များက သံသယ၀င်လျက်ရှိသည်။

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံတွင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို တိုင်းရင်းသားလူမျိုးဟု အသိအမှတ်မပြုဘဲ နိုင်ငံသားဖြစ် ခွင့်ပေးမထားသောကြောင့် ၎င်းတို့အနေဖြင့် လူမျိုးရေး ဘာသာရေးအရ စနစ်တကျ ဖိနှိပ်မှုများကို ခံခဲ့ရသည်ဟု ဆိုသည်။

ကာဒါက နှစ်နိုင်ငံစလုံးမှ သက်ဆိုင်ရာ အရာရှိများပါဝင်သည့် အလုပ်အဖွဲ့က အမည်စာရင်းကို အပြီးသတ် အတည်ပြုပြီးသည်နှင့် နေရပ်ပြန်ပို့ရေးကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပူးတွဲအလုပ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ အခြေခံပြီး ရိုဟင်ဂျာ ၁၀၀,၀၀၀ ပါဝင်တဲ့ ပထမအသုတ်စာရင်းကို ဒီနေ့မှာ မြန်မာအစိုးရထံကို ပေးပို့ပါမယ်။ သူတို့တွေ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့ပါ” ဟု လမ်းပန်းသယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် လက်ရှိအာဏာရ အ၀ါမီလိဂ်ပါတီ ဒုတိယအကြီးအကဲဖြစ်သူ ကာဒါက ဒုက္ခသည်စခန်းများရှိရာ ကော့ဘဇားသို့ လာရောက်စဉ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် နောက်တစ်ကြိမ် အလုပ်အဖွဲ့အစည်းအဝေးက နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ ဘယ်လိုစတင်မလဲဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီစာရင်းကို ဖြစ်နိုင်သမျှ အစောဆုံး အပြီးသတ် အတည်ပြုပါလိမ့်မယ်” ဟုလည်း ကာဒါက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့ ဒုက္ခသည်များဆိုင်ရာ သက်သာချောင်ချိရေးကော်မရှင်နာ အဘူကာလမ်အေဇက်က လူပေါင်း ၁၀၀,၀၀၀ ပါဝင်သည့် စာရင်းကို မြန်မာနိုင်ငံသို့ ပေးပို့ရန် အလုပ်အဖွဲ့တွင်ပါဝင်သော ဘင်္ဂလားဒေ့ရှ်ဘက်မှ အဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref ; AFP

December 30, 2017














Copy Protected by Chetan's WP-Copyprotect.