လိုင်ဘေးရီးယား သမ္မတရွေးကောက်ပွဲ၌ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်း ဝီယာ အနိုင်ရ

လိုင်ဘေးရီးယား သမ္မတရွေးကောက်ပွဲ၌ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်း ဝီယာ အနိုင်ရ
Published 30 December 2017

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က မွန်ရိုဗီးယားရှိ ပါတီရုံးချုပ်၌ ထောက်ခံသူများအား နှုတ်ဆက်နေသော ဂျော့ဝီယာ (Photo: AFP)

ပြည်တွင်းစစ်ပွဲများ၊ နိုင်ငံရေးလုပ်ကြံမှုများနှင့် အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုအကျပ်အတည်းစသည့် ဒဏ်ရာဒဏ်ချက်များ ခံစားခဲ့ရသော လိုင်ဘေးရီးယားတွင် ဆယ်စုနှစ် ခုနစ်ခုအတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွဲှပေးမှုဖြစ်လာမည့်  သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့၌ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဟောင်း ဂျော့ဝီယာသည် ပြိုင်ဘက်ဖြစ်သူအား အလွယ်တကူ အနိုင်ရခဲ့ကြောင်း သိရသည်။

အနောက်အာဖရိကရှိ လိုင်ဘေးရီးယားတွင် ၂၀၀၆ ခုနှစ်၌ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် အယ်လင်ဂျွန်ဆာလိဖ်နေရာကို အသက် ၅၁ နှစ်ရှိ ဝီယာက ဆက်ခံမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ ဒုတိယအကျော့၌ မဲ ၉၈ ဒသမ ၁ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ဝီယာသည် မဲ ၆၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဒုတိယသမ္မတဂျိုးဇက် ဘိုအာကိုင်က မဲ ၃၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် (NEC) က ထုတ်ပြန်ခဲ့သည်။

ဘိုအာကိုင်၏ Unity Party က ရွေးကောက်ပွဲပထမအကျော့နှင့် ပတ်သက်၍  NEC အား ဥပဒေကြောင်းဆိုင်ရာ စိန်ခေါ်မှုများကြောင့် သီတင်းပတ်ခုနစ်ပတ်ကြာ နှောင့်နှေးခဲ့သော်လည်း ရွေးကောက်ပွဲများအား မည်သည့်အကြမ်းဖက်ဖြစ်စဉ်မျှ မဖြစ်ပွားခဲ့ဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ဥရောပသမဂ္ဂနှင့် ဒေသတွင်းဆိုင်ရာအဖွဲ့  ECOWAS က ဂုဏ်ပြုခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ရလဒ်မကြေညာမီ ဝီယာထောက်ခံသူများက စုဝေးအောင်ပွဲခံရန် ပြင်ဆင်ခဲ့ပြီး NEC ရုံးချုပ်အပြင်ဘက်၌ လက်နက်ကိုင်ရဲများအား ချထားခဲ့သည်။ ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနှင့် Ballon D'Or ဆုရရှိခဲ့ဖူးသည့် တစ်ဦးတည်းသော အာဖရိက နိုင်ငံသား ဝီယာသည် ၂၀၀၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဆာလိဖ်ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဒုတိယသမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့မှု၌လည်း ၎င်းသည် ထပ်မံရှုံးနိမ့်ခဲ့သည်။

ဝန်ကြီးအများအပြားအပါအဝင် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံသမ္မတတစ်ဦးမှ နောက်တစ်ဦးထံ အုပ်ချုပ်ရေးအာဏာကို စနစ်တကျလွဲှပြောင်းပေးနိုင်ရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ဆာလိဖ်၏ရုံးက ထုတ်ပြန်ခဲ့သည်။

၁၉၈၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်အကြား ဆက်တိုက်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များကြောင့် ခန့်မှန်းခြေလူ ၂၅၀၀၀၀ ခန့် သေဆုံးခဲ့ရသော လိုင်ဘေးရီးယားတွင် ပြီးခဲ့သောနှစ် ၇၀ ကျော်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ က ၁၉၄၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွဲှပြောင်းပေးမှုကို အတားအဆီးဖြစ်စေခဲ့သည်။ ဆာလိဖ်၏ အရင်သမ္မတ ချားစ်တေလာသည် အိမ်နီးချင်း ဆီယာရာလီယွန်တွင် သူပုန်အဖွဲ့များအား ထောက်ပံ့ခဲ့သည်ဟု စွဲချက်ဖြင့် ရုံးတင်စစ်ဆေး ခံရမှုများမှ ရှောင်လွဲှနိုင်ရန် ၂၀၀၃ ခုနှစ်တွင် နိုင်ငံမှထွက်ပြေးခဲ့သည်။ တေလာ၏ အရင် သမ္မတနှစ်ဦးသည်လည်း လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent