ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့တန်းမှ စည်းရုံးလှုံ့ဆော်ပေးခဲ့သူ U2 အဖွဲ့ခေါင်းဆောင်က ယခုအခါ နုတ်ထွက်ပေးရန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့တန်းမှ စည်းရုံးလှုံ့ဆော်ပေးခဲ့သူ U2 အဖွဲ့ခေါင်းဆောင်က ယခုအခါ နုတ်ထွက်ပေးရန် တောင်းဆို
Published 30 December 2017

U2 အဆိုတော် ဘိုနိုသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၀ ပြည့်နှစ်က Walk On သီချင်းဖြင့် ရပ်တည်ကာကွယ်ပေးခဲ့ပြီး  U2 အဖွဲ့က ယင်းသီချင်းကို သီဆိုသည့်အခါ  ပရိသတ်များက ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံ မျက်နှာဖုံးများ ဝတ်ဆင်ကာ အားပေးခဲ့ကြသည်။ ဘိုနိုက သူသည် သွေးထွက်သံယိုမှုများ နှင့် ဒုက္ခသည် အကျပ်အတည်းများနှင့်ပတ်သက်သော ဓာတ်ပုံများကြောင့် အော်ဂလီဆန်မိသည်ဟု ပြောကြားခဲ့သည်။

“အားလုံးက ထောက်ပြနေတဲ့ သက်သေ အထောက်အထားတွေကို လုံး၀ မယုံကြည်နိုင်တာကြောင့် ကျွန်တော် တကယ်ကို နာမကျန်းဖြစ်နေသလို ခံစားရပါတယ်။ ဒါပေမဲ့ လူမျိုးလိုက်သုတ်သင်မှုပါပဲ” ဟု ဘိုနိုက နောက်ဆုံးထုတ် Rolling Stone မဂ္ဂဇင်း၌ ပြောကြားထားသည်။

“ဒါဟာ တကယ်ကို ဖြစ်နေတာဖြစ်ပြီး  ဒီလိုဖြစ်နေတာကို သူသိနေတာကြောင့် သူ နုတ်ထွက်ပေးရမှာပါပဲ” ဟု ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှွန်းလျက် ပြောကြားခဲ့သည်။

ျRolling Stone မဂ္ဂဇင်း ထူထောင်သူ ဂျန်းဝမ်နာက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဘိုနိုက “အလွန့် အလွန်ကို အနည်းဆုံးအနေနဲ့က သူ ဒီထက်ပိုပြီး ထုတ်ပြောရမှာပါ။ တကယ်လို့ လူတွေက နားမထောင်ကြဘူးဆိုရင် နုတ်ထွက်လိုက်ပေါ့” ဟုလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် အမေရိကန်တို့က နိုင်ငံမဲ့ဖြစ်နေသည့် ဘင်္ဂါလီမွတ်စလင်များအပေါ်  မြန်မာနိုင်ငံ၏ စစ်ဆင်ရေးကို လူမျိုးစုလိုက် သုတ်သင်မှုအဖြစ် ဖော်ပြခဲ့ကြသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့က အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သောအားဖြင့် ရွာများကို ရှင်းလင်းသည့် ပထမလအတွင်း ဘင်္ဂါလီမွတ်စလင် ၆၇၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ အခြားလူပေါင်း ၆၅၅,၀၀၀ သည်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထွက်ပြေးခဲ့ရသည်။

၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်  ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ စစ်အစိုးရ၏အမိန့်ဖြင့် ဆယ်စုနှစ်နှစ်ခုအတွင်း အချိန်အများစု၌ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကမ္ဘာပေါ်မှ ထင်ရှားကျော်ကြားသူများ၏ အားပေးထောက်ခံမှုကို ကျယ်ကျယ် ပြန့်ပြန့် ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် လွန်ခဲ့သည့်နှစ်တွင် ဒေါ်အောင် ဆန်းစုကြည် အရပ်သားအစိုးရခေါင်းဆောင် ဖြစ်လာမှုတို့က အစပိုင်းတွင် လူ့အခွင့်အရေးအဖွဲ့များအား ကျေနပ်မှု ရရှိစေခဲ့သော်လည်း ဘင်္ဂါလီမွတ်စလင် ဆန့်ကျင်ရေး ဆောင်ရွက်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှုက ၎င်းတို့အား ဒေါသထွက်စေခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော မြန်မာနိုင်ငံတွင် စက်ဆုပ်ရွံရှာမှုခံရပြီး မည်သည့်ကိစ္စ၌မဆို  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်အား ထိန်းချုပ်ခြင်းမပြုနိုင်သောကြောင့် ယင်းကိစ္စကို ထုတ်ဖော်ပြောကြားခြင်းအားဖြင့် နိုင်ငံရေးအရ စွန့်စားမှုမပြုလုပ်ရန် တွက်ချက်ထားသည့် ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူအချို့က ယုံကြည်ကြသည်။

“သူ့အနေနဲ့ နိုင်ငံကို တပ်မတော်လက်ထဲ  ပြန်ဆုံးရှုံးရမှာ မလိုလားလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီရုပ်ပုံတွေဟာ ကျွန်တော်တို့ နမူနာယူရမယ့်အရာတွေ ဖြစ်မယ်ဆိုရင် သူ့အနေနဲ့ ဆုံးရှုံးပြီးသား ဖြစ်နေပါပြီ” ဟု ဘိုနိုက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် ဘိုနို၏ ဇာတိမြို့ဖြစ်သော ဒဗ္ဗလင်က အကြမ်းဖက်မှုများအပေါ် ကိုင်တွယ်ပုံအား ဆန့်ကျင်ဆန္ဒပြသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသော မြို့၏ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းခဲ့သည်။

Most Read

Most Recent