မြောက်ကိုရီးယား အရေးအတွက် အရေးပေါ်ညှိနှိုင်းရန်လိုအပ်ကြောင်း အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

မြောက်ကိုရီးယား အရေးအတွက် အရေးပေါ်ညှိနှိုင်းရန်လိုအပ်ကြောင်း အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး
Published 28 December 2017

ဒီဇင်ဘာ ၂၀ ရက်က အိမ်ဇြူတော်တွင် အစိုးရဆွေးနွေးပွဲတစ်ခု၌ တွေ့ရသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင် (Photo - AFP)

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က ဒီဇင်ဘာ ၂၆ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်နှင့် မြောက်ကိုရီးယား နျူကလီးယားစီမံကိန်း အရေးအား ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယား အရေးအတွက် ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ် စတင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ကြသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအား ချိုးဖောက်နေသည်ဟု အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံစလုံးက ရှုမြင်ကြောင်း ၎င်းတို့နှစ်ဦးအကြား ဖုန်းပြောပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်က ပြုံယမ်းအားရန်စသော လေလုံးများနှင့် ဒေသတွင်း၌ စစ်ရေးကြိုတင်ပြင်ဆင်မှုများ မြင့်တက်လာမှုနှင့်အတူ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်တက်လာစေရန် လုပ်ဆောင်မှုကို လက်သင့်မခံနိုင်ကြောင်း လက်ရော့ဗ်က ထပ်မံအလေးပေး ပြောကြားခဲ့သည်ဟု ယင်းဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ရန် အသုံးအနှုန်းမှသည် စေ့စပ်ညှိနှိုင်းရန် လုပ်ငန်းစဉ်အား အမြန်ဆုံးပြန်လည်စတင်ရန် လိုအပ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း၊ ဖုန်းခေါ်မှုကို တေလာဆင်က စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့်မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲများ ပြုလုပ်ရန် ရုရှားက တိုက်တွန်းခဲ့ပြီး မထိန်းချုပ်နိုင်သော အရှိန်မြင့်တက်နိုင်မှု အန္တရာယ်များကို သတိပေးခဲ့သည်။ ရန်စမှုဟု ပြုံယမ်းက အမြဲတမ်းရှုတ်ချသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့အကြား စစ်ရေးလေ့ကျင့်မှုများကိုလည်း ရုရှားက ဝေဖန်ခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကသာ သဘောတူပါက ၎င်းတို့နှစ်နိုင်ငံအကြား ကြားဝင်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ရန် ရုရှားက အသင့်ရှိနေကြောင်းလည်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့က ဒီဇင်ဘာ ၂၆  ရက်တွင် စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သောလတွင် ပြုံယမ်း၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး စမ်းသပ်မှုအား တုံ့ပြန်ရန် ၎င်း၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများအတွက် အရေးပါသော ရေနံတင်ပို့မှုများအား ကန့်သတ်သွားမည့် ပိတ်ဆို့အရေးယူမှုသစ်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၂ ရက်တွင် ချမှတ်ခဲ့သည်။ ယင်းပိတ်ဆို့ အရေးယူမှုများသည် စစ်ပွဲလုပ်ရပ်ဖြစ်သည်ဟု ပြုံယမ်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

နိုင်ငံတကာက ၎င်းတို့အား နျူကလီးယား လက်နက်ပိုင်ဆိုင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရန် မြောက်ကိုရီးယားက အခိုင်အမာ တောင်းဆိုခဲ့ချိန်တွင် မြောက်ကိုရီးယားကသာ အမေရိကန်ကို တိုက်ခိုက်ပါက အကြွင်းမဲ့ ဖျက်ဆီးပစ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့သည်။

Ref ; AFP

Most Read

Most Recent