မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ရန် ပြင်ဆင်နေဟု တောင်ကိုရီးယားက ပြောကြား

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ရန် ပြင်ဆင်နေဟု တောင်ကိုရီးယားက ပြောကြား
Published 27 December 2017

သြဂုတ် ၂၉ ရက်က မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှုသတင်းအား ပြုံယမ်းရှိ ရင်ပြင်တစ်ခုတွင် ကြည့်ရှုနေကြသူများ (Photo: AFP)

မြောက်ကိုရီးယားသည် ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန် စီစဉ်နေသည်ဟု ဆိုးလ်သတင်းစာ တစ်စောင်တွင် ဒီဇင်ဘာ၂၆ ရက်က ဖော်ပြခဲ့သည်။  နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ အာကာသအစီအစဉ်သည် လက်နက်စမ်းသပ်ရန် အယောင်ဆောင် ဖုံးကွယ်မှုတစ်ခုဖြစ်သည်ဟု ပြည်ပမှ လေ့လာသူများက ပြောကြားခဲ့ကြသည်။

ဂြိုဟ်တုအပါအဝင် ပဲ့ထိန်းဒုံးကျည် နည်းပညာ အသုံးပြုသည့် မည်သည့်ပစ်လွှတ်မှုကိုမဆို လုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရသည့် မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများအတွက် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများစွာနှင့်လည်း ရင်ဆိုင်နေရသည်။

“မြောက်ကိုရီးယားဟာ ဂြိုဟ်တုသစ်တစ်လုံးကို ပြီးစီးသွားပြီဖြစ်ပြီး အဲဒါကို Kwangmyongsong-5 လို့ နာမည်ပေးထားတယ်ဆိုတဲ့အကြောင်းကို လမ်းကြောင်းများစွာကနေတစ်ဆင့် မကြာသေးမီက ကျွန်တော်တို့ သိရှိခဲ့ပါတယ်” ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Joongang IIbo နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

“သူတို့ရဲ့အစီအစဉ်က ကင်မရာတွေ၊ ဆက်သွယ်ရေးကိရိယာတွေ တပ်ဆင်ထားတဲ့ ဂြိုဟ်တုတစ်ခုကိုပတ်လမ်းထဲကို လွှတ်တင် လိုက်ဖို့ဖြစ်ပါတယ်” ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။

မြောက်ကိုရီးယားအစိုးရသည် Kwangmyongsong-4 ဂြိုဟ်တုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက လွှတ်တင်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ယင်းလွှတ်တင်မှုကို ပုံဖျက်ထားသည့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုဟု ရှုမြင်ကြသည်။

မြောက်ကိုရီးယားတွင် ဂြိုဟ်တုလွှတ်တင်ပိုင်ခွင့်၊ အာကာသနည်းပညာအား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခွင့်ရှိသည်ဟု မြောက်ကိုရီးယားအာဏာရပါတီ၏ သတင်းစာ ရိုဒေါင်ရှင်မွန်က ဖော်ပြထားစဉ် ယခု သတင်းထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ရိုဒေါင်ရှင်မွန်သတင်းစာ၌ ဒီဇင်ဘာ ၂၅ ရက်က ဖော်ပြခဲ့သည့် “ငြိမ်းချမ်းသော အာကာသစီမံကိန်းတွေဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံများအတွက် တရားဝင်အခွင့်အရေး” ဟု ခေါင်းစဉ်တပ်ထားသော ရှင်းလင်းချက်ထဲ၌ မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုများသည် အာကာသ ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သော နိုင်ငံတကာဥပဒေများနှင့် အလုံးစုံကိုက်ညီမှု ရှိသည်ဟု ရေးသားထားသည်။

မြောက်ကိုရီးယားပြည်သူတို့၏ လူနေမှုဘ၀ တိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးတို့အား အထောက်အကူပြုနိုင်မည့် လက်တွေ့ကျသော ဂြိုဟ်တုများကို ၂၀၁၆-၂၀၂၀ အတွင်း တည်ဆောက်ရန် အစီအစဉ်တစ်ခုရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသွားခဲ့သည်။

“အမေရိကန်က ငြင်းပယ်ရုံနဲ့ ဂြိုဟ်တုတွေကို တည်ဆောက်လွှတ်တင်ဖို့ မြောက်ကိုရီးယားရဲ့ အခွင့်အရေးမှာ ပြောင်းလဲသွားမည်မဟုတ်” ဟုလည်း ၎င်းက အလေးပေး ပြောသွားခဲ့သည်။

Most Read

Most Recent