ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏သား ဖိလစ်ပိုင်အစိုးရရာထူးမှ နုတ်ထွက်

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏သား ဖိလစ်ပိုင်အစိုးရရာထူးမှ နုတ်ထွက်
Published 27 December 2017

စက်တင်ဘာ ၇ ရက်က မနီလာရှိ အထက်လွှတ်တော်တွင် ကြားနာမှုသို့ တက်ရောက်ခဲ့သည့် ပါအိုလိုဒူတာတေး (လယ်) (Photo: AFP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ အကြီးဆုံးသားသည် ဒါဗာအိုမြို့ကောင်စီအဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်တွင် နုတ်ထွက်ခဲ့သည်။ မူးယစ်မှောင်ခိုသမားများနှင့် ဆက်နွှယ်မှု ရှိသည်ဟု စွပ်စွဲခံခဲ့ရသည့် ပါအိုလိုဒူတာတေးက ဒါဗာအိုမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်နေခဲ့ပြီး ယခုအခါ မိသားစုပြဿနာများကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

အကောက်ခွန်ဌာနက မှောင်ခိုအမှုတစ်ခုတွင် ပါဝင်သည်ဟု စွပ်စွဲခံရမှုနှင့် သမီး ဖြစ်သူနှင့် လူမှုမီဒီယာတွင် အငြင်းပွားမှုတို့ဖြစ်ခဲ့သည့် ပါအိုလိုက သူ၏ဘဝတွင် ကံမကောင်းမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ကောင်စီကို ပြောကြားခဲ့သည်။ ဖြစ်ပျက်ခဲ့သည့်အားလုံးအတွက် တာဝန်ယူကြောင်း အသက် ၄၂ နှစ်အရွယ် ပါအိုလိုဒူတာတေးက မီဒီယာသို့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

ပါအိုလိုဒူတာတေးသည် ဒါဗာအို ဒုတိယမြို့တော်ဝန်ရုံး၏ တရားဝင် Facebook စာမျက်နှာကို အသုံးပြုပြီး သူ၏ ဆယ်ကျော်သက် သမီးဖြစ်သူနှင့် လူမှုမီဒီယာတွင် အငြင်းပွားခဲ့သည်။ ယခုအခါ ဖျက်လိုက်ပြီဖြစ်သော Facebook ပို့စ်တစ်ခုတွင် ပါအိုလိုဒူတာတေးက သမီးဖြစ်သူ၏ အပြုအမူများသည် ၎င်းကိုယ်တိုင်အတွက် အရှက်ရစရာ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆယ်ကျော်သက်အရွယ် အစ္စဘယ်လ်သည် သမ္မတနန်းတော်တွင် ဒီဇိုင်နာဝတ်စုံနှင့် ဓာတ်ပုံများကို ယခုလအစောပိုင်းက လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ရာ အများ၏ အာရုံစိုက်မှုကိုခံခဲ့ရသည်။ ပါအိုလိုသည် တရုတ်မှနေ၍ ဖိလစ်ပိုင်သို့ ဒေါ်လာ ၁၂၅ သန်းတန်ဖိုးရှိသော မူးယစ်ဆေးပြားများ မှောင်ခိုတင်သွင်းရန် ကူညီခဲ့ကြောင်း အတိုက်အခံ အထက်လွှတ်တော်အမတ်တစ်ဦးက ယခုနှစ်အစောပိုင်းတွင် စွပ်စွဲပြောကြားခဲ့သည်။ ယင်းစွပ်စွဲချက်များကို ပါအိုလိုက လွှတ်တော်တွင် လာရောက်ကြားနာခဲ့ပြီး စစ်ဆေးမှုများကို ငြင်းဆိုခဲ့သည်။

ပါအိုလို၏ နုတ်ထွက်စာကို လက်ခံရရှိကြောင်း သမ္မတ၏ ပြောခွင့်ပုဂ္ဂိုလ် ဟာရီရော့က ဒီဇင်ဘာ ၂၅ တွင် ပြောကြားခဲ့ပြီး မှတ်ချက်ကို ထပ်မံမပြောကြားခဲ့ပေ။

ဒူတာတေး၏သမီးဖြစ်သူ ဒါဗာအိုမြို့တော်ဝန် ဆာရာဒူတာတေးက အစ်ကိုဖြစ်သူ နုတ်ထွက်စာကို လက်ခံခြင်း ရှိ မရှိ မသိရှိကြောင်း ဒီဇင်ဘာ ၂၅ တွင် ပြောကြားခဲ့သည်။ ဒူတာတေးမိသားစုသည် ဒါဗာအိုကို ထိန်းချုပ်ထားသည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ရှိပြီဖြစ်သည်။ ဒူတာတေးကိုယ်တိုင်ကလည်း ဒါဗာအိုတွင် မြို့တော်ဝန်ရာထူးကို ဆယ်စု နှစ်ချီ ထမ်းဆောင်ခဲ့သည်။

Most Read

Most Recent