၂၀၁၇ ခုနှစ်အတွင်း အဓိက ကမ္ဘာ့ဖြစ်စဉ်များ

၂၀၁၇ ခုနှစ်အတွင်း အဓိက ကမ္ဘာ့ဖြစ်စဉ်များ
Published 24 December 2017

၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယားက နျူကလီးယား လက်နက်နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ပြီး စစ်အေးခေတ်နောက်ပိုင်း မကြုံဖူးသော နျူကလီးယားစစ်အား ထိတ်ထိတ်လန့်လန့် ဖြစ်စေခဲ့သည်။ ရာသီဥတုပြောင်းလဲမှုသည် အတုအယောင်ခြိမ်းခြောက်မှုဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခဲ့ပြီး ပါရီသဘောတူညီချက်မှ နုတ်ထွက်ပစ်ခဲ့သည်။ ဟာရီကိန်းကြီးများ၊ အပူလှိုင်းများ၊ ရေကြီးမှုများ၊ တောမီးလောင်မှုများက ၂၀၁၇ ခုနှစ်ကိုစိုးမိုးခဲ့ပြီး သဘာဝဘေးသည် ပို၍ဆိုးလာကြောင်း အထင်အရှား ပြသခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ ဥရောပတွင်  Brexit အရှိန်နှင့် ကာတာလိုနီးယားခွဲထွက်ရေး ကြိုးပမ်းမှုက အမျိုးသားရေးပုံစံသစ်များ၏ စိန်ခေါ်မှုကို ဖြစ်စေခဲ့သည် . . .

■ ထရန့်၏ နှစ်

ဇန်နဝါရီ ၂၀ ရက်က အသက် ၇၀ အရွယ် ရီပက်ဘလီကင် ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရန့်သည် ၄၅ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ အမေရိကန်သာ ပထမမူဝါဒကို အခြေခံလုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ထရန့်သည် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရုရှားနှင့် ပေါင်းကြံမှုများရှိခဲ့သည်ဟူသော သံသယများသည် ၎င်း သက်တမ်း အစကတည်းက တောက်လျှောက်ကပ်ပါနေခဲ့သည်။

Twitter တွင် မနက်စောစော စာရေးတင်လေ့ရှိသည့် သမ္မတထရန့်သည် သမ္မတဟောင်း ဘာရက် အိုဘားမားလက်ထက်က အောင်မြင်ခဲ့သော ကိစ္စများကို နောက်ကြောင်းပြန်လှည့်ကာ အမေရိကန်နိုင်ငံကို ပါရီ ရာသီဥတုသဘောတူညီချက်၊ ရွှေ့ပြောင်း အခြေချသူ၊ ယူနက်စကို အစရှိသည့် နိုင်ငံတကာ သဘောတူညီချက်များမှ ဆွဲထုတ်ခဲ့သည်။

ထရန့် သည် မက္ကဆီကိုနယ်စပ်၌ မက္ကဆီကိုအစိုးရက အကုန်အကျခံပေးရမည့် တံတိုင်းဆောက် လုပ်ရေးကိုလည်း မလျှော့တမ်း တောင်းဆိုလျက် ရှိသည်။

ဒီဇင်ဘာ ၆ ရက်တွင်မူ ထရန့်သည် ဂျေရုစလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ် ပြုကြောင်းကြေညာကာ ကမ္ဘာတစ်ဝန်းကို  အထိတ်တလန့်ဖြစ်စေခဲ့ပြန်သည်။

 

■ Brexit စေ့စပ်ဆွေးနွေးမှုများ

ဗြိတိန်မဲဆန္ဒရှင်များက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွင်း ဥရောပသမဂ္ဂမှ ခွဲထွက်ရန်မဲပေးခဲ့ပြီး ကိုးလအကြာဖြစ်သော မတ်၂၉ ရက်တွင် ဗြိတိန် အစိုးရသည် ဥရောပသမဂ္ဂမှ ထွက်ခွာရန်လုပ်ငန်းစဉ်အား စတင်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေသည် ပါလီမန်ထဲတွင် အနည်းငယ် အသာရရှိထားသည့် အမတ်နေရာ အများစုအရေအတွက်ကို ပိုမိုထပ်တိုးလာစေရန် ရည်ရွယ်ပြီး ဇွန် ၈ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ခေါ်ယူခဲ့သည်။ သို့သော် မေ ၏ ကွန်ဆာဗေးတစ်များသည် ထိုရွေးကောက် ပွဲတွင် ရရှိထားသည့် အမတ်နေရာအများစုကိုပင် ထပ်မံဆုံးရှုံးသွားခဲ့ရသည်။ ဒီဇင်ဘာ ၈ ရက်တွင်မူ ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ဘရပ်ဆဲနှင့် လန်ဒန်တို့ကြား၌ သဘောတူညီချက် ရရှိခဲ့သည်။

 

■ ကာတာလိုနီးယား၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပ်ဆိုင်းခြင်း

စပိန်နိုင်ငံ၏ ကြွယ်ဝသော အရှေ့မြောက်ဘက်ဒေသ ကာတာလိုနီးယားတွင် အောက်တိုဘာ ၁ ရက်က ခွဲထွက်ရေးဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။ စပိန်ဗဟိုအစိုးရကမူ ထိုဆန္ဒခံယူပွဲကို တရားမဝင်ဟု သတ်မှတ်ပြီး ကာတာလိုနီးယားကို ထိန်းချုပ်ရန် လုပ်ဆောင်ခဲ့သည်။ ထိုစဉ် ကာတလန်ဥပဒေပြု အမတ်များက အောက်တိုဘာ ၂၇ ရက်တွင် မဲခွဲဆုံးဖြတ်ကာ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ထို့ကြောင့် စပိန်အစိုးရသည် ကာတာလန်အစိုးရကို ဖြုတ်ချပြီး ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရပ်ဆိုင်းကာ ဒေသဆိုင်ရာ ရွေးကောက်ပွဲအသစ်များပြုလုပ်ရန် ခေါ်ယူခဲ့သည်။ ဒီဇင်ဘာ ၂၁ ရွေးကောက်ပွဲတွင် ခွဲထွက်ရေးသမားတို့ကပင် အနိုင်ရခဲ့သည်။

 

■  ရေဆူမှတ်ရောက်နေသော အရှေ့အလယ်ပိုင်း

ဇွန် ၅ ရက်က ဆော်ဒီအာရေဗျနှင့် မဟာမိတ်တို့သည် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ကြသဖြင့် ဒေသထဲတွင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသံတမန်ရေး ပြဿနာကြီးဖြစ်ခဲ့သည်။ နိုဝင်ဘာ ၄ ရက်တွင်မူ လက်ဘနွန်ဝန်ကြီးချုပ် ဆာအိဟာရီရီသည် ဆော်ဒီအာရေဗျသို့ ရောက်ရှိနေစဉ် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာပြီး လက်ဘနွန်ကို အီရန်တို့က ချုပ်ကိုင်ထားသည်ဟုလည်း စွပ်စွဲခဲ့သည်။ သို့သော်လည်းနောက်ပိုင်းတွင် ဟာရီရီသည် ရာထူးမှ မနုတ်ထွက်ဖြစ်ခဲ့ဘဲ လက်ဘနွန်သို့ ပြန်ရောက်လာခဲ့သည်။

 

 

■  ပြင်သစ်နိုင်ငံမှ နိုင်ငံရေးငလျင် လှုပ်ခတ်မှုကြီး

ဥရောပသမဂ္ဂကို လိုလားသည့် ဗဟိုဝါဒီဖြစ်သော အသက် ၃၉ နှစ်အ ရွယ်အီမန်နျူရယ်မက်ခရွန်သည် မေ ၇ ရက်တွင် ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ လက်ယာစွန်းဝါဒီ မာရင်းလီပင်းကို အပြတ်အသတ် အနိုင်ရသွားခဲ့သည်။ မက်ခရွန်၏ En Marche လှုပ်ရှားမှုသည် ပြင်သစ်နိုင်ငံ၏အကြီးဆုံး နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သည့် ဆိုရှယ်လစ်နှင့် ရီပက်ဘလီကင်တို့ကို ပထမဆုံးအကြိမ် သမ္မတနန်းတော်အပြင်ဘက်သို့ ရောက်စေခဲ့သည်။

 

■ စီးပွားရေးကျပ်တည်းသော်လည်း မာဒူရိုက အသာရနေသည့် ဗင်နီဇွဲလား

ရေနံဈေး ထိုးကျမှုကြောင့်လည်း အကြီးအကျယ် ဒုက္ခရောက်နေရသည့် ဗင်နီဇွဲလားတွင် ဆိုရှယ်လစ်သမ္မတ နီကိုလတ်မာဒူရိုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ လေးလကြာ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃၀ ရက်၌ ပြည်ပနိုင်ငံများကရော ဗင်နီဇွဲလားအတိုက်အခံများကပါ တရားမဝင်ဟု ဆိုနေကြသည့် ဗင်နီဇွဲလား တိုင်းပြုပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထို တိုင်းပြုပြည်ပြုလွှတ်တော်က အတိုက်အခံများက ကြီးစိုးထားသည့် မူလ ဗင်နီဇွဲလားလွှတ်တော်ကို ထိန်းချုပ်ခဲ့သည်။

■ မြောက်ကိုရီးယား တင်းမာမှုမြင့်တက်လာခြင်း

ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည့် မြောက်ကိုရီးယားသည် ၎င်း၏ ဆဋ္ဌမအကြိမ်မြောက်နှင့် အကြီးဆုံးဖြစ်သော နျူကလီးယားစမ်းသပ်မှုကြီးကို စက်တင်ဘာ ၃ ရက်တွင် လုပ်ဆောင်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်တွင်မူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာကိုမဆို  နျူကလီးယား ထိပ်ဖူးဖြင့် ပစ်နိုင်မည့် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီးနောက် ၎င်းတို့နိုင်ငံသည် နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်ကမူ စစ်ပွဲဖြစ်လာပါက မြောက်ကိုရီးယားကို အလုံးစုံ ပျက်စီးစေရမည်ဟု ခြိမ်းခြောက်ထားသည်။

 

■ IS တို့ အရေးနိမ့်ခြင်း

ဒီဇင်ဘာ ၉ ရက်တွင် အီရတ်အစိုးရသည် IS အုပ်စုကို နိုင်ငံထဲမှ နှင်ထုတ်ရန် သုံးနှစ်ကြာစစ်ပွဲမှာ အောင်မြင်မှုဖြင့် အဆုံးသတ်သွားပြီဟု ကြေညာခဲ့သည်။ သို့သော် ကျွမ်းကျင်သူများကမူ ဂျီဟတ်များသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲဟု သတိပေးခဲ့ကြသည်။ ဆီးရီးယားတွင်လည်း IS တို့သည် နယ်မြေအများစုကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

သို့သော် ယခုနှစ်အတွင်း အီဂျစ်မှ ဗြိတိန်အထိ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် လူအများအပြား သေဆုံးခဲ့ရသော တိုက်ခိုက်မှုများသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း IS က ထုတ်ဖော်ခဲ့ကြသည်။

 

■  မူဂါဘီ ကျဆုံးခန်း

ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သော အသက် ၉၃ နှစ်အရွယ် အာဏာရှင် သမ္မတရောဘတ်မူဂါ ဘီသည် နိုဝင်ဘာ ၂၁ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ မူဂါဘီက ၎င်း၏ ဒုတိယသမ္မတ အမ်မာဆန် အန်နန်ဂါဂွာကို ထုတ်ပယ်ခဲ့မှုနှင့် ပတ်သက်ပြီး စစ်တပ်၏ ဝင်ရောက် ထိန်းချုပ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မူဂါဘီရာထူးမှ ဆင်းသွားခြင်းဖြစ်ပြီး မူဂါဘီနေရာကိုအန်နန်ဂါဂွာက ဆက်ခံခဲ့သည်။

 

■  ဝိန်းစတိန်း အရှုပ်တော်ပုံ

ဟောလိဝုဒ်မှ အထင်ကရပုဂ္ဂိုလ် အသက် ၆၅ နှစ်အရွယ် ဟာဗေးဝိန်းစတိန်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းဖော်ထုတ်ထားသော သတင်းကြီးကို အောက်တိုဘာ ၅ ရက်တွင် နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ယင်းနောက် ကမ္ဘာတစ်ဝန်း၌ နယ်ပယ်စုံမှ လိင်ပိုင်းဆိုင်ရာ မတရားကျင့်ခံရမှုများကို ဖော်ထုတ်မှုများ တန်းစီထွက်ပေါ်လာခဲ့သည်။

■ စံချိန်တင်ရာသီဥတု ကပ်ဘေးဆိုက်ခြင်း

၂၀၁၅ ခုနှစ် ပါရီရာသီဥတု သဘောတူညီချက်မှ နုတ်ထွက်ရန် ဇွန် ၁ ရက်တွင် သမ္မတထရန့်က ဆုံးဖြတ်ခဲ့ သည့် ယခုနှစ်အတွင်း စံချိန်တင်အင်အားပြင်းသည့် ဟာရီကိန်းမုန်တိုင်းကြီးများ၊ မြေငလျင်များ၊ မီးလောင် မှုကြီးများ အပါအဝင် သဘာဝဘေးအန္တရာယ် အများအပြား ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ၂၀၁၇ ခုနှစ်သည် မှတ်တမ်းတင်ခံထားရသည့်  အပူနွေးဆုံး နှစ်သုံးနှစ်ထဲတွင်လည်း တစ်နှစ်အပါအဝင် ဖြစ်လာခဲ့သည်။

Most Recent