စံသတ်မှတ်ချက်များ အစိတ်စိတ်အမြွှာမြွှာဖြစ်စေသည့် ထရန့်၏နှစ်

စံသတ်မှတ်ချက်များ အစိတ်စိတ်အမြွှာမြွှာဖြစ်စေသည့် ထရန့်၏နှစ်
Published 24 December 2017

Photo: AFP

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် “အမေရိကပထမ”  ဟူ သည့် သီးခြားဝါဒအလံကို ကိုင်စွဲလျက် ကမ္ဘာ့စင်မြင့်ပေါ်သို့ ခုန်ပေါက်တက်လာခဲ့သည်။ ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာ့အခင်းအကျင်းကို စုတ်ဖြဲကာ သူ၏ အခြေခံအုတ်မြစ်ဆီ ကိုင်းညွှတ်စေခဲ့သည်။

ယခုသူ၏ ရာထူးသက်တမ်း ပထမနှစ်အကုန်တွင် အမေရိကန်ပြည်ထောင်စုနှင့် သူ၏ ဖိအားဒဏ် ခံထားရသော မဟာမိတ်များသည်  ကမ္ဘာကြီးအား ဖျက်ဆီးမည့် ပဋိပက္ခ အသစ်များဆီ သက်ဆင်းစေနိုင် သည့် မြင့်တက်လာနေသော အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ရသည်။

ဇန်နဝါရီလတွင် ထရန့်က သမ္မတရာထူးကို လက်ခံသည့်အခါ သူ၏ရှေ့မှ သမ္မတဘာရက်အိုဘားမားက တာဝေးပစ် နျူကလီးယားဒုံး စွမ်းရည်အားကောင်းလာစေရန် မြောက်ကိုရီးယား၏ အသည်းအသန်ကြိုးပမ်းနေမှုသည် သူ့အတွက် အဖိစီးဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု သတိပေးခဲ့သည်။ ၂၀၁၇ ခုနှစ်ကုန်ဆုံးတော့မည့်အချိန်တွင် ယင်းခြိမ်းခြောက်မှုသည် သိသိသာသာ မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်လက ကင်ဂျုံအွန်သည် တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့ကာ သူ၏ နျူက လီးယားလက်နက်သည် အမေရိကန် ပြည်မရှိ မည်သည့်မြို့မဆို ပစ်ခတ်နိုင်သည်ဟု ကြွားဝါခဲ့သည်။

ထရန့်ကိုယ်တိုင်က မဆင်မခြင် စကားများဖြင့် တင်းမာမှုပိုမိုမြင့်မားအောင် ပြုလုပ်ခဲ့ရာတွင် ကင်ဂျုံအွန်အား “ရော့ကက်လူသားလေး”ဟု လှောင်ပြောင်ခြင်းနှင့် သူ၏ အာဏာရှင်နိုင်ငံအား ဒေါသ မီးဟုန်းဟုန်း လောင်စေရမည်ဟု ခြိမ်းခြောက်ခြင်းတို့ ပါဝင်ခဲ့သည်။

သြင်္ကန်အမြောက်ပစ်ခြင်းများနှင့်အတူ အမေရိကန်သံတမန်များက မြောက်ကိုရီးယားကို ဆွေးနွေးပွဲဆီသို့ တွန်းပို့ရန်အတွက် နိုင်ငံတကာ ပိတ်ဆို့မှုများဖြင့် အပြစ်ပေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ယခုတိုင် အလုပ်မဖြစ်သေးပေ။

တောင်ကိုရီးယားနှင့် ဂျပန်သာမက မြောက်ကိုရီးယား၏ ပဋိပက္ခဇုန်ဒေသတို့ပါ ကပ်ဆိုးကြီးနှင့်တူသည့် ပဋိပက္ခကျရောက်နိုင်ခြေနှင့် ရင်ဆိုင်နေရပြီး တရုတ်သည်ပင်လျှင် ၎င်း၏ နယ်စပ်၌ ပဋိပက္ခများ ဖြစ်ပွားမည်ကို စိုးရိမ်လာရသည်။

သို့သော် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကြီးကို စိုးရိမ်စေသည့် မြောက်ကိုရီးယားအာဏာရှင်၏ အပြောင်းအလဲမြန်သော အပြုအမူကိုသာမက အိမ်ဖြူတော်ထံမှ ကြိုတင်ခန့်မှန်း၍ မရသော အချက်ပြ မှုများကိုပါ စိုးရိမ်လာရသည်။

“သမ္မတထရန့်မတိုင်မီက ခြွင်းချက်တချို့ရှိပေမယ့် အမေရိကန်ရဲ့ မူဝါဒနဲ့ ဦးစားပေးတွေနဲ့ ပတ်သက်ရင် အမြဲတမ်းတစ်သမတ်တည်း ရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြည်ပဆက်ဆံရေးကောင်စီမှ အကြီးတန်းအဖွဲ့ဝင် ပေါလ်စတဲက ပြောကြားခဲ့သည်။

“ဒါပေမဲ့ သမ္မတထရန့်ရဲ့ အပြုအမူ၊ အပြောင်းအလဲမြန်တဲ့ ဆုံးဖြတ်ချက်ချမှတ်မှု၊ တွစ်တာအသုံးပြုမှုနဲ့ စိတ်လိုက်မာန်ပါရှိပုံရတဲ့ အပြုအမူတွေက ကမ္ဘာတစ်လွှားက မြို့တော်အများကြီးကို လှုပ်ခတ်စေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယား သို့မဟုတ် အီရန်နှင့် စစ် ဖြစ်နိုင်ခြေကို သတ်မှတ်သည့်  “စောင့်ကြည့်ရန် ကမ္ဘာ့ပဋိပက္ခများ” နှစ်ပတ်လည်စစ်တမ်းအတွက် အစိုးရအရာရှိများနှင့် ပြင်ပပညာရှင်များ  စုစုပေါင်း ၄၃၆ ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။

ယင်းအစီရင်ခံစာကို ရေးသားသူ စတဲက “ဒါဟာ ခြိမ်းခြောက်ဟိန်းဟောက်ရုံ သက်သက်ပဲလား ဒါမှမဟုတ် အန္တရာယ် ခံတွင်းဝအထိ တိုးဝင်စွန့်စားတဲ့ မူဝါဒလား ဒါမှမဟုတ် အင်အားသုံးဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လားဆိုတာ ဆုံးဖြတ်ရ ခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။ သူက မြောက်ကိုရီးယား၊ အီ ရန်နှင့် ရုရှားတို့နှင့် စစ်ဖြစ်နိုင်ခြေကို စိုးရိမ်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ ကို မျှော်ကြည့်ရင် ပြင်းထန်တဲ့ အကျပ်အတည်းတစ်ရပ် မပါဘဲ နောက်ထပ်နှစ်တစ်နှစ်ကို ဖြတ် ကျော်နိုင်မယ်လို့ တကယ်ယုံကြည်တဲ့သူ ရှိမယ်လို့ ကျွန်တော်မထင်ဘူး” ဟု ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent