ဥပဒေပြုအမတ်များ၏ ဖိအားပေးမှုကြောင့် အမေရိကန်က မြန်မာအား ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စဉ်းစားနေ

ဥပဒေပြုအမတ်များ၏ ဖိအားပေးမှုကြောင့် အမေရိကန်က မြန်မာအား ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စဉ်းစားနေ
Published 24 December 2017

ဒီဇင်ဘာ ၂၁ ရက်က ခရစ်စမတ်အားလပ်ရက်အတွက် ထွက်ခွာလာကြသော အောက်လွှတ်တော်အမတ်များကို ဝါရှင်တန်ဒီစီ၌ တွေ့ရစဉ် (Photo: AFP)

မြန်မာဗိုလ်ချုပ်တစ်ဦးကို အမည်မည်းစာရင်း သွင်းခဲ့သော်လည်း ဒီမိုကရက်ဥပဒေပြုအမတ်များက နောက်ထပ်မြန်မာစစ်အရာရှိများအား ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် တောင်းဆိုခဲ့ကြပြီးနောက် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် လူမျိုးစုလိုက် သုတ်သင်မှုအတွက် တာဝန်ရှိ သူများအား နောက်ထပ်အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်က စဉ်းစားနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ရာထူးအဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒီမိုကရက်လွှတ်တော်အမတ် အဲလိယက်အိန်ဂျယ်က မြန်မာအာဏာပိုင်များသည် ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ သူက “ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ရောက်သွားစေတဲ့ သွေးစွန်းတဲ့ နှိမ်နင်းမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ပုဂ္ဂိုလ်တစ်ဦးတည်းကိုပဲ ထရန့်အစိုးရက ပိတ်ဆို့မှုချမှတ်ခဲ့တာ အံ့သြဖို့ ကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွက် တာဝန်ရှိပြီး လွန်ခဲ့သည့်လအထိ မြန်မာနိုင်ငံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်က ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ သူသည် ဒီဇင်ဘာ ၂၁ ရက်က လူ့အခွင့်အရေးဥပဒေအရ အပြစ်ပေးခံရသည့် ကမ္ဘာတစ်လွှားမှပုဂ္ဂိုလ် ၁၃ ဦးထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဌာနမှ အရှေ့အာရှရေးရာ ပြောရေးဆိုခွင့်ရှိသူ ကက်တီနာအဒမ်က “လူမျိုးစုလိုက်သုတ်သင်မှုနဲ့ တခြားရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ သင့်တော်မှန်ကန်တဲ့အကျိုးဆက်တွေ ရင်ဆိုင်ရရေးသေချာမှုကို အထောက်အကူပြုစေဖို့ အမေရိကန်နဲ့ နိုင်ငံတကာဥပဒေအောက်မှာ အမေရိကန်က ရွေးချယ်စရာတွေကို ဆက်ပြီး စဉ်းစားနေပါတယ်”ဟု ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာတပ်မတော်၏ နှိမ်နင်းမှုကြောင့် လူနည်းစု မွတ်စလင် ၆၅၀,၀၀၀ သည် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရပြီး စစ်အုပ်ချုပ်ရေးအောက်၌ ဆယ်စုနှစ်များချီလျက် နေခဲ့ရပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေမှုအပေါ် အရိပ်ထိုးကျစေခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည့် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် ဘင်္ဂါလီမွတ်စလင်အရေးကြောင့် မပြေမလည်ဖြစ်ခဲ့ရသည်။

“လူ ၆,၀၀၀ သေတယ်။ နောက်ထပ် ထောင်နဲ့ချီပြီး မုဒိမ်းကျင့်ခံရ၊ ရိုက်နှက်ခံရ၊ နေရာရွှေ့ပြောင်းခံရတယ်။ ဒါတွေကို မောင်မောင်စိုးတစ်ယောက်တည်း လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ”ဟု နယူးယောက် လွှတ်တော်အမတ် ဂျိုးခရော်လေက ပြောကြားခဲ့သည်။ “ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် သုတ်သင်မှုမှာ ပါဝင်ခဲ့တဲ့ အခြားစစ်အရာရှိတွေကို ဒီလူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ သူတို့ရဲ့အခန်းကဏ္ဍအတွက် ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်။ အမေရိကန်ပြည်ထောင်စုဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဝတ္တရားအတွက် အရေးယူဆောင်ရွက်ရပါမယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နှိမ်နင်းမှုအတွက် တာဝန်ရှိသူများအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုများနှင့် ဗီဇာကန့်သတ်မှုများချမှတ်ရန် ဥပဒေအရရှေ့ဆက်ရေးအတွက် အိန်ဂျယ်က ကြိုးပမ်းလျက်ရှိသည်။

Most Read

Most Recent