ဖိလစ်ပိုင်တောင်ပိုင်းတွင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၃၃ ဦးထိ မြင့်တက်လာ

ဖိလစ်ပိုင်တောင်ပိုင်းတွင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၃၃ ဦးထိ မြင့်တက်လာ
Published 24 December 2017

ဒီဇင်ဘာ ၂၃ ရက်က ဒါဗာအိုမြို့တွင် ရေဘေးသင့်သူများအား ရွှေ့ပြောင်းနေကြစဉ် (Photo: AFP)

ဖိလစ်ပိုင်တောင်ပိုင်းသို့ ဒီဇင်ဘာ ၂၂ ရက်က ဝင်ရောက်ခဲ့သည့် အပူပိုင်းမုန်တိုင်း တမ်ဘင်ကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပြီး သေဆုံးသူ ၁၃၃ ဦးအထိ မြင့်တက်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အပူပိုင်းမုန်တိုင်း တမ်ဘင်သည်  ဖိလစ်ပိုင်၏ ဒုတိယအကြီးဆုံးကျွန်းစုဖြစ်သည့် မင်ဒါနာအိုကျွန်းစု၏ အရှေ့ဘက်ကမ်းရိုးတန်းသို့ အရုဏ်မတက်မီ တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၅ ကီလိုမီတာဖြင့် ဝင်ရောက်ခဲ့သည်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အစွန်အဖျားကျသည့် ကျေးရွာတစ်ခု မြေပုံမှ ပျောက်ကွယ်ခဲ့သည်။

“ရာနဲ့ချီတဲ့လူတွေကို  အခြား ကျေးရွာတွေဆီ ပြောင်းရွှေ့ခိုင်းခဲ့တယ်။ ဒါပေမဲ့ ရေက မြန်မြန်ဆန်ဆန် တက်လာလို့ ကယ်ဆယ်ရေးသမားတွေက အခြားနေရာတွေကို မသွားနိုင်တော့ဘူး” ဟု မုန်တိုင်းဒဏ်အဆိုးရွားဆုံး ခံရသည့်ဒေသတစ်ခုဖြစ်သည့် Lanao del Sur ပြည်နယ်၏အရပ်သား ကာကွယ်ရေးအရာရှိ ဆာရီပါဒါပါကာဆမ်က  ပြောကြားခဲ့သည်။

တမ်ဘင်မုန်တိုင်းသည်   ဒီဇင်ဘာ ၂၃ ရက်နှောင်းပိုင်းတွင်  နိုင်ငံအနောက်ဘက်ရှိ ပါလာဝမ်ကျွန်းစုသို့ ဝင်ရောက်ဖွယ်ရှိသည်ဟု ပြည်နယ်မိုးလေဝသဌာနက ခန့်မှန်းခဲ့သည်။  ဖိလစ်ပိုင်သည် ပစိဖိတ် တိုင်ဖွန်းမုန်တိုင်း ရပ်ဝန်းတွင်တည်ရှိပြီး နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှ ၂၀ ခန့် ဝင်ရောက်သော်လည်း  လူဦးရေ သန်း ၂၀ ခန့်ရှိသည့် မင်ဒါနာအိုဒေသသို့ ဆိုင်ကလုန်းမုန်တိုင်းများသည် ရံဖန်ရံခါမျှသာ ဝင်ရောက်လေ့ရှိသည်။

Most Read

Most Recent