ဂျေရုစလင်ဆိုင်ရာ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်များကို ပါလက်စတိုင်းသမ္မတ အဘားစ်က ငြင်းပယ်

ဂျေရုစလင်ဆိုင်ရာ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်များကို ပါလက်စတိုင်းသမ္မတ အဘားစ်က ငြင်းပယ်
Published 23 December 2017

အဘားစ်နှင့် မက်ခရွန်တို့ ဒီဇင်ဘာ ၂၂ ရက်က ပါရီ၌ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

ကုလသမဂ္ဂ၏ ဂျေရုစလင်ဆုံးဖြတ်ချက်ဆိုင်ရာ မဲခွဲမှုအပြီး၌ ဒီဇင်ဘာ ၂၂ ရက်တွင် ပါလက်စတိုင်းသမ္မတ အဘားစ်က ပြောကြားရာ၌ အမေရိကန်ပြည်ထောင်စုက အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ်မှန်သမျှကို လက်ခံတော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ရာ နောင်နှစ်တွင် ဝါရှင်တန်က ပြုလုပ်ဖွယ်ရှိသည့် အစီအစဉ်သစ်အတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။

ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အသိအမှတ်ပြုမှုအပေါ် ကုလသမဂ္ဂအဖွဲ့ဝင် ၁၂၈ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ယခုမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုလှုပ်ရှားမှုသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပတစ်လွှား သံတမန်များအကြား ထရန့်အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်များနှင့် ပတ်သက်၍ လှုပ်ခတ်ခဲ့သည်။

အမေရိကန်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုကို အကြောင်းပြု၍ ဒီဇင်ဘာ ၂၂ ရက်က ဂါဇာနယ်စပ်တွင် အစ္စရေးစစ်သားများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပါလက်စတိုင်းနှင့် အာရပ်ခရစ်ယာန်ခေါင်းဆောင်များက သူ့အားလက်ခံတွေ့ဆုံရန် အင်တင်တင်ဖြစ်ခဲ့ပြီးနောက် အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က ထိုဒေသသို့ ယခုသီတင်းပတ်အတွင်း သွားရောက်မည့်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်နှောင်းပိုင်းက နယူးယောက်မြို့တွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် အထွေထွေညီလာခံက အမေရိကန်၏ ဂျေရုစလင်ဆိုင်ရာ ဆုံးဖြတ်ချက်အား ပယ်ချသည့်အဆိုကို မဲခွဲခဲ့ရာ ၁၂၈ နိုင်ငံကထောက်ခံပြီး ကိုးနိုင်ငံက ကန့်ကွက်ကာ ၃၅ နိုင်ငံက ကြားနေခဲ့သဖြင့် ကန့်ကွက်သည့်အဆို အောင်မြင်ခဲ့သည်။

တူရကီသမ္မတ ရီဆပ်အာဒိုဂန်က ပြောကြားရာ၌ ထရန့်၏ဆုံးဖြတ်ချက်သည် တရားမဝင်မှုကို ကုလသမဂ္ဂမဲခွဲမှုရလဒ်က ပြသနေကြောင်းနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုအသိအမှတ်ပြုမှုအား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။ ပါရီတွင် မက်ခရွန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာ မက်ခရွန်အား ယုံကြည်ကြောင်း အဘားစ်က ပြောကြားခဲ့သည်။

Most Read

Most Recent