မြောက်ကိုရီးယားက ပိတ်ဆို့အရေးယူမှုသစ်များအား အာခံလျက် ဆွေးနွေးပွဲများကိုပယ်ချ

မြောက်ကိုရီးယားက ပိတ်ဆို့အရေးယူမှုသစ်များအား အာခံလျက် ဆွေးနွေးပွဲများကိုပယ်ချ
Published 8 August 2017


မြောက်ကိုရီးယား၏ ပန်မွန်ခန်းမနှင့် တောင်နှင့်မြောက်ကို ခြားထားသော စစ်နယ်နိမိတ်မျဉ်းရှေ့တွင် စောင့်ကြပ်နေကြသော တောင်ကိုရီးယားစစ်သားများကို သြဂုတ် ၂ ရက်က တွေ့ရစဉ် (Photo: AFP)

ကုလသမဂ္ဂ၏ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုသစ်များသည် နျူကလီးယားလက်နက် တည်ဆောက်မှုများကို ရပ်တန့်စေမည် မဟုတ်ကြောင်း မြောက်ကိုရီးယားက သြဂုတ် ၇ ရက်တွင် ဒေါသတကြီးအာခံခဲ့ပြီး အမေရိကန်၏ ခြိမ်းခြောက်မှု ကြုံနေရစဉ်အတွင်း ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်မည်မဟုတ်ကြောင်းလည်း သတိပေးခဲ့သည်။ ယင်းအာခံသော သတင်းစကားသည် ပြီးခဲ့သောသီတင်းပတ်ကုန်ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တညီတညွတ်တည်း အတည်ပြုခဲ့သော အမေရိကန်က မူကြမ်းရေးဆွဲသည့် ပိတ်ဆို့အရေးယူမှုများကို ပထမဆုံးအကြိမ် တုံ့ပြန်လိုက်မှုဖြစ်သည်။ တရုတ်နှင့် ဆက်နွှယ်သော မြောက်ကိုရီးယား၏ အရေးပါသည့် စီးပွားရေးကဏ္ဍအား ကန့်သတ်မှုပါဝင်သော ယင်းပိတ်ဆို့အရေးယူမှုကြောင့် မြောက်ကိုရီးယားသည် တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံအထိ ဆုံးရှုံးနိုင်ကြောင်း သိရသည်။

ယင်းပိတ်ဆို့အရေးယူမှုသည် မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာပိုင်မှုကို ဆိုးရွားသော ချိုးဖောက်မှုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ (KCNA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝါရှင်တန်ထံမှ ခြိမ်းခြောက်မှု ရင်ဆိုင်နေရစဉ် နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေး အဟန့်အတားဖြစ်သော နျူကလီးယားလက်နက်ကိစ္စအား ဆွေးနွေးပွဲတွင် ဆွေးနွေးမည်မဟုတ်ကြောင်း၊ နျူကလီးယားစွမ်းအားကို အရှိန်မြှင့်မှုမှ ခြေလှမ်းတစ်လှမ်းပင် ဆုတ်မည်မဟုတ်ကြောင်း ယင်းကြေညာချက်တွင် သတိပေးခဲ့သည်။ အမေရိကန်သည်လည်း ၎င်း၏ရာဇဝတ်မှုအတွက် အဆထောင်ပေါင်းများစွာ ပြန်လည်ပေးဆပ်စေရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အခြားအာရှ-ပစိဖိတ်ဒေသမှ ထိပ်တန်းသံတမန်များ တက်ရောက်ခဲ့သော မနီလာတွင် ကျင်းပခဲ့သည့် လုံခြုံရေးဖိုရမ်သို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုလည်း တက်ရောက်ခဲ့စဉ် ယင်းကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပိတ်ဆို့အရေးယူမှုသစ်သည် ပြုံယမ်း၏ နျူကလီးယား လက်နက်စီမံကိန်းများအတွက် ကမ္ဘာကြီးက စိတ်ရှည်မှုကုန်ဆုံးပြီဖြစ်ကြောင်း ပြသခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲသို့ အလျင်အမြန်ပြန်သွားမည့်ကိစ္စကို ၎င်းကပယ်ချထားခဲ့သည်။ ပြုံယမ်းက ၎င်း၏ပဲ့ထိန်းဒုံးစီမံကိန်းများကို ရပ်တန့်မှသာလျှင် ဝါရှင်တန်ကဆွေးနွေးပွဲကို စဉ်းစားမည်ဖြစ်ကြောင်း တေလာဆင်က ယင်းဖိုရမ်တွင် ပြောကြားခဲ့သည်။

သြဂုတ် ၆ ရက်တွင် ယင်းဖိုရမ်၌ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်ကျောင်ဝါကရီယောင်ဟိုနှင့် ကြုံခေါင့်ကြုံခဲတွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုလျှော့ချနိုင်ရေးအတွက် စစ်ဘက်ဆွေးနွေးပွဲပြုလုပ်ရန် ဆိုးလ်၏ကမ်းလှမ်းမှုကို လက်ခံရန်၊ ကိုရီးယားနှစ်နိုင်ငံအကြား ကွဲကွာမိသားစုဝင်များ ပြန်လည်တွေ့ဆုံရေးအတွက် ထပ်မံဆွေးနွေးရန် ကင်ကတိုက်တွန်းခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ သို့သော် မြောက်ကိုရီးယားအား ဖိအားတိုးမြှင့်ပေးရန် တောင်ကိုရီးယားက အမေရိကန်နှင့်ပူးပေါင်းနေသည့် လက်ရှိအခြေအနေအရ ယင်းအဆိုပြုမှုများသည် ရိုးသားမှုကင်းမဲ့နေကြောင်း ရီက ပြန်လည်တုံ့ပြန်ခဲ့သည်ဟု ယွန်ဟပ်ကဆိုသည်။ ယင်းပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်အား ထောက်ခံခဲ့ကြသည့် ရုရှားနှင့်တရုတ်တို့ကို ကျေးဇူးတင်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က Twitter တွင်ရေးသားခဲ့သည်။

Writer - Ref: AFP

Most Read

Most Recent