အမေရိကန်နှင့် မဟာမိတ်တို့က တရုတ်၏ ကျွန်းတုတည်ဆောက်မှုကို ရှုတ်ချ

အမေရိကန်နှင့် မဟာမိတ်တို့က တရုတ်၏ ကျွန်းတုတည်ဆောက်မှုကို ရှုတ်ချ
Published 8 August 2017

သြဂုတ် ၆ ရက်က မနီလာတွင်ကျင်းပသော အာဆီယံဒေသတွင်းဖိုရမ်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့်အတူ လက်ချင်းချိတ်ထားသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင် (ယာဘက်မှ လေးဦးမြောက်) အားတွေ့ရစဉ် (Photo: AFP)

အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်တို့သည် တောင်တရုတ်ပင်လယ်ကို စစ်ဆန်စေခြင်းနှင့် ကျွန်းတုတည်ဆောက်မှုတို့ကို ရှုတ်ချကြောင်း သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့ကြသည်။ နှစ်စဉ် ရေကြောင်းကုန်သွယ်မှု ဒေါ်လာငါးထရီလျံခန့် ဖြတ်သန်းနေသော တောင်တရုတ်ပင်လယ်၏ ပိုင်နက်အားလုံးကို ပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြားရှိသည်ဟုလည်း ယုံကြည်ထားကြသည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ၏ အဖွဲ့ဝင်များအနက် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားနေကြသည်။ သို့သော်လည်း မကြာသေးခင်နှစ်များအတွင်း တရုတ်က အာဆီယံအဖွဲ့ဝင်အချို့ကို စည်းရုံးပြီး ဒေသတွင်းတွန်းလှန်မှုကို အားပျော့ရန် ကြိုးပမ်းလာသည်။

သြဂုတ် ၆ ရက်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက တောင်တရုတ်ပင်လယ် အငြင်းပွားမှုအတွက် ဝေဖန်မှုလေသံလျှော့ချထားသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးသည် ထုတ်ပြန်ရန် နှောင့်နှေးနေပြီး ယင်းကျင့်ထုံးသည် တရားဝင်လိုက်နာရန် တာဝန်ဝတ္တရားမရှိဟု တရုတ်က အခိုင်အမာပြောထားသည်။

ထို့နောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသော အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က ပေကျင်းကို တင်းတင်းမာမာ ဝေဖန်ထားသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြေယာဖော်ထုတ်မှုများ၊ စခန်းတည်ဆောက်မှုများ၊ အငြင်းပွားပင်လယ်အတွင်း အငြင်းပွားနေရာများကို စစ်ဆန်စေရန် တရုတ်က ဆက်လက်ဆောင်ရွက်နေခြင်းအား အဆိုပါမဟာမိတ်သုံးနိုင်ငံက ဝေဖန်ခဲ့ပြီး မည်သည့်ကျင့်ထုံးမဆို ဥပဒေအရ လိုက်နာရမည်ဖြစ်ပြီး အဓိပ္ပာယ်ရှိမှုနှင့် ထိရောက်မှုတို့ရှိရမည်ဟု တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်သည် အာဆီယံကြေညာချက်တွင် မပါဝင်ခဲ့ပေ။ ထို့ပြင်ယင်းသုံးနိုင်ငံက ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသော အပြည်ပြည်ဆိုင်ရာခုံရုံး၏ ယမန်နှစ်က ဆုံးဖြတ်ချက်ကိုလေးစားရန် တရုတ်နှင့် ဖိလစ်ပိုင်တို့ကို တိုက်တွန်းခဲ့သည်။

writer - Ref: AFP

Most Read

Most Recent