ဂျေရုစလင်ဆိုင်ရာ အမေရိကန်ဆုံးဖြတ်ချက်အား ပယ်ချသောနိုင်ငံများစာရင်းအား သမ္မတထရန့်ထံ အသိပေးသွားမည်ဟု သံအမတ်ပြောကြား

ဂျေရုစလင်ဆိုင်ရာ အမေရိကန်ဆုံးဖြတ်ချက်အား ပယ်ချသောနိုင်ငံများစာရင်းအား သမ္မတထရန့်ထံ အသိပေးသွားမည်ဟု သံအမတ်ပြောကြား
Published 21 December 2017

ဒီဇင်ဘာ ၁၈ ရက်က နယူးယောက်ရှိ လုံခြုံရေးကောင်စီတွင် အရှေ့အလယ်ပိုင်းဆိုင်ရာဆွေးနွေးပွဲ၌ တွေ့ရသော အမေရိကန်သံအမတ် ဟာလေး (ယာ) (Photo -AFP)

ဂျေရုစလင်အား အစ္စရေး၏မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့သော အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပယ်ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းအား ထောက်ခံမဲပေးမည့် နိုင်ငံများ၏စာရင်းကို သမ္မတဒေါ်နယ် ထရန့်ထံ ၎င်းက အသိပေးသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ဒီဇင်ဘာ ၁၉ ရက်တွင် သတိပေးခဲ့သည်။

အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည့် ယင်းအဆိုပြု အရေးတယူဆောင်ရွက်မှုကို မဲခွဲရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၂၁ ရက်တွင် အရေးပေါ် အစည်းအဝေးကျင်းပမည် ဖြစ်သည်။ သမ္မတက ယင်းမဲခွဲမှုအား ဂရုတစိုက်စောင့်ကြည့်သွားမည်ဖြစ်ပြီး အမေရိကန်အား ဆန့်ကျင်သည့် နိုင်ငံများ၏အမည်များကို အစီရင်ခံရန်လည်း ညွှန်ကြားထားကြောင်း အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည့် ဟာလေး၏စာတွင် ဖော်ပြခဲ့သည်။ ယင်းကိစ္စအား မဲပေးခဲ့ကြသည့် တစ်နိုင်ငံချင်းစီအား မှတ်သားသွားမည်ဖြစ်ကြောင်း ဟာလေးက ကုလသမဂ္ဂဆိုင်ရာ သံအမတ်အများအပြားထံ ရေးသားခဲ့ဟု သိရသည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော အထွေထွေညီလာခံတွင် ဒီဇင်ဘာ ၂၁ ရက်၌ မဲခွဲမှုအတွင်း အမေရိကန်က နိုင်ငံအမည်များ မှတ်သားသွားမည်ဖြစ်ကြောင်း ဟာလေးက Twitter တွင် ရေးသားခဲ့သည်။ အာရပ်နိုင်ငံ များအစုအဝေးနှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့၏ ကိုယ်စားအရေးပေါ် ဆွေးနွေးပွဲကျင်းပရန် တူရကီနှင့်ယီမင်တို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်က ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည့် အရေးယူဆောင်ရွက်မှုကိုပင် ထင်ဟပ်ထားပြီး ဂျေရုစလင်၏ အဆင့်အတန်းဆိုင်ရာ မည်သည့်ဆုံးဖြတ်ချက်မဆို ဥပဒေဆိုင်ရာ သက်ရောက်မှုမရှိဘဲ ပယ်ဖျက်ရမည်ဖြစ်ကြောင်းကို ထပ်မံအတည်ပြုထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ထိုနှစ်နိုင်ငံက ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အီဂျစ်ကလည်း ယင်းမူကြမ်းအား လုံခြုံရေးကောင်စီတွင် ဒီဇင်ဘာ ၁၈ ရက်က တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်မှလွဲ၍ ကျန်အဖွဲ့ဝင် ၁၄ နိုင်ငံတို့က ထောက်ခံခဲ့ကြသည်။ အီဂျစ်၏မူကြမ်းကဲ့သို့ပင် ကုလအထွေထွေညီလာခံတွင် မဲခွဲမည့်ဆုံးဖြတ်ချက်မူကြမ်းတွင်ပါ ထရန့်၏ဆုံးဖြတ်ချက်ကို ရည်ညွှန်းခဲ့ခြင်းမရှိသော်လည်း ဂျေရုဆလင်၏ အဆင့်နှင့်ပတ်သက်၍ မကြာသေးမီက ဆုံးဖြတ်ချက်များအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်ဟု သိရသည်။

အမေရိကန်အပါအဝင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံက ဗီတိုအာဏာသုံးခွင့်ရှိသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်မတူဘဲ အထွေထွေညီလာခံတွင်မူ ဗီတိုအာဏာသုံးစွဲမှု မရှိပေ။

အမေရိကန်၏ ဂျေရုစလင်ဆုံးဖြတ်ချက်အား ပယ်ချသည့်အရေးယူဆောင်ရွက်မှုကို လုံခြုံရေးကောင်စီတွင် မဲခွဲမှု၌ ထောက်ခံမဲ ၁၄ မဲ-ဆန့်ကျင်မဲ ၁ မဲရရှိခဲ့မှုသည် စော်ကားမှုတစ်ခုဖြစ်ပြီး မေ့ပျောက်သွားမည် မဟုတ်ကြောင်း ဟာလေးက ယင်းမဲခွဲမှုအပြီးတွင် သတိပေးခဲ့သည်။

Ref ; AFP

Most Read

Most Recent