လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် အိန္ဒိယက မြူခွင်းအမြောက်ကို စမ်းသပ်သုံးစွဲ

လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် အိန္ဒိယက မြူခွင်းအမြောက်ကို စမ်းသပ်သုံးစွဲ
Published 21 December 2017

ဒီဇင်ဘာ ၂၀ ရက်က နယူးဒေလီတွင် မြူခွင်းအမြောက် တစ်ခုအား စမ်းသပ်နေသည်ကို တွေ့ရစဉ် (Photo : AFP)

လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် အိန္ဒိယက လက်နက်သစ် တစ်ခုကို ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။ နယူးဒေလီတွင် ကောင်းကင်ကြည်လင်ရေး အတွက် မြူခွင်းအမြောက်ကို ဒေလီအစိုးရက စမ်းသပ်သုံးစွဲခဲ့သည်။

ကမ္ဘာတွင် လေထုညစ်ညမ်းမှု အဆိုးဆုံး မြို့တော်တစ်ခုဖြစ်သော ဒေလီတွင် လေထုအတွင်းမှ အမှုန်များကို ဖယ်ရှားရေးအတွက် ယင်းမီးခိုးခွင်း အမြောက်က ရေမှုန်များကို အရှိန်ပြင်းပြင်းဖြင့် မှုတ်ထုတ်ပေးနိုင်မည်ဟု ယင်းအမြောက် ထုတ်လုပ်သည့် အိန္ဒိယကုမ္ပဏီက ပြောကြားခဲ့သည်။

ဆံပင်အခြောက်ခံစက် ကဲ့သို့သော ဧရာမ ရေငွေ့မှုတ်စက်ကို ဒေလီအရှေ့ပိုင်း အာနန်ဗီဟာ စက်မှုဇုန်တွင် စမ်းသပ်ခဲ့ပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ပါက ဒေလီ၏ လမ်းများတွင် အမြန်ဆုံး သုံးစွဲသွားရန် စီစဉ်ထားသည်ဟု ဒေလီ၏ သဘာ၀ ပတ်ဝန်းကျင်ရေးရာဝန်ကြီး အီမရန်ဟူစိန်က ပြောကြားခဲ့သည်။

မြူခွင်းအမြောက်သည် တစ်မိနစ်လျှင် ရေ ၁၀၀ လီတာခန့်ကို လေထုအတွင်းသို့ မှုတ်ထုတ်နိုင်ကြောင်း လေထုအတွင်းမှ အမှုန်များကို ၉၅ ရာခိုင်နှုန်း သန့်စင်စေကြောင်း ယင်းရေအမြောက်ကို ထုတ်လုပ်သည့် Cloud Tech ကုမ္ပဏီက ပြောကြားခဲ့သည်။

ဒေလီအရှေ့ပိုင်းရှိ အာနန်ဗီဟာစက်မှုဇုန်တွင် လေထုအတွင်းရှိ အန္တရာယ်ရှိနိုင်သောအမှုန် PM 2.5 ပမာဏသည် ၃၈၀ မှတ် ရှိခဲ့သည်ဟု အမေရိကန်သံရုံး ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။ ထိုပမာဏသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် အန္တရာယ်ကင်းသော အမြင့်ဆုံးပမာဏထက် ၁၅ ဆကျော် ပိုများခဲ့သည်။

မြူခွင်းအမြောက်ကို သတ္တုတွင်း လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် သုံးစွဲရန် ရည်ရွယ်ထုတ်လုပ် ဆွဲထားပြီး ပျမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၃၁၀၀၀ ခန့် ရှိသည် ဟုဆိုသည်။ ဒေလီ၏ ဆိုးရွားလှသော လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် အမြောက် အလက် ၃၀ မှ ၄၀ အထိ လိုအပ်မည်ဟု Cloud Tech ကုမ္ပဏီက ပြောကြားခဲ့သည်။

တရုတ်တွင်လည်း ၂၀၁၄ ခုနှစ်က မြူခွင်းအမြောက်ကို စမ်းသပ်သုံးစွဲခဲ့သည်။ သို့သော်လည်း လေထုညစ်ညမ်းမှုကို လျှော့ချရန် ယင်းအမြောက်များက အနည်းငယ်သာ ဆောင်ရွက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့ပြီး အာဏာပိုင်များသည် ငွေကြေးဖြုန်းတီးသည်ဟု ဝေဖန်သူများက ရှုတ်ချခဲ့သည်။

Ref : AFP

Most Read

Most Recent