ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ထားသော်လည်း မြန်မာတပ်မတော်က ဘင်္ဂါလီရွာများကို မီးရှို့ခဲ့သည်ဟု HRW ပြောကြား

ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ထားသော်လည်း မြန်မာတပ်မတော်က ဘင်္ဂါလီရွာများကို မီးရှို့ခဲ့သည်ဟု HRW ပြောကြား
Published 19 December 2017

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောအနီးရှိ မီးလောင်ခံထားရသော ကျေးရွာများအား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံသည် ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ရက်ပိုင်းအတွင်း၌ပင် မြန်မာတပ်မတော်က ဘင်္ဂါလီမွတ်စလင်တို့၏အိမ်များကို ဒါဇင်နှင့်ချီလျက် မီးရှို့ပစ်ခဲ့သောကြောင့် ယင်းသဘောတူညီချက်သည် ပြည်သူ့ဆက်ဆံရေး စတန့်တစ်ရပ်မျှသာဖြစ်သည်ကို ပြနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

HRW က ဂြိုဟ်တုဓာတ်ပုံများ သုံးသပ်မှုများကိုကိုးကားလျက် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ရွာပေါင်း ၄၀ မှ နေအိမ်များမီးရှို့ခံခဲ့ရပြီး သြဂုတ်လနောက်ပိုင်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝဖျက်ဆီးခံခဲ့ရသည့် ရွာပေါင်းသည် စုစုပေါင်း ၃၅၄ ရွာရှိလာသည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို နှစ်လအတွင်း ပြန်လည်လက်ခံရန် နိုဝင်ဘာ ၂၃ ရက်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် သီတင်းပတ်မှာပင် ဒါဇင်နှင့်ချီသောအိမ်များ မီးရှို့ခံခဲ့ရကြောင်း HRW က အစီရင်ခံစာတစ်စောင်၌ ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်း ရိုဟင်ဂျာရွာတွေကို မြန်မာတပ်မတော်က ဖျက်ဆီးခဲ့တာဟာ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး ကတိတွေက ပြည်သူဆက်ဆံရေးစတန့်တစ်ရပ်သာဖြစ်ကြောင်း ပြသနေပါတယ်” ဟု HRW ၏ အာရှဆိုင်ရာညွှန်ကြားရေးမှူး ဘရက်အဒမ်က အစီရင်ခံစာတစ်စောင်၌ ပြောကြားထားသည်။ သူက နေရပ်ပြန်မည့်သူများအတွက် ဘေးကင်းလုံခြုံရေးကတိများအား အလေးအနက်မထားနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်က ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ လူသေဆုံးမှုများဖြစ်ပေါ်စေသော တိုက်ခိုက်မှုများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော မွတ်စလင်လူနည်းစုအပေါ် မြန်မာတပ်မတော်၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးတစ်ရပ်ကိုဖြစ်ပေါ်စေပြီး လူပေါင်း ၆၅၅,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

Most Read

Most Recent