ဘင်္ဂါလီမွတ်စလင်လူနည်းစုအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သော လုပ်ရပ်များကို တရားရုံးက တစ်နေ့နေ့တွင် တရားစီရင်မှုပြုလုပ်ခဲ့ပါက အံ့သြလိမ့်မည်မဟုတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ သတိပေးပြောကြား

ဘင်္ဂါလီမွတ်စလင်လူနည်းစုအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သော လုပ်ရပ်များကို တရားရုံးက တစ်နေ့နေ့တွင် တရားစီရင်မှုပြုလုပ်ခဲ့ပါက အံ့သြလိမ့်မည်မဟုတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ သတိပေးပြောကြား
Published 19 December 2017

သြဂုတ် ၃၀ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိရာအက်အယ်ဟူစိန်အား တွေ့ရစဉ် (Photo: AFP)

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက မြန်မာနိုင်ငံတွင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် လူနည်းစုအပေါ်ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သော လုပ်ရပ်များကို တရားရုံးတစ်ခုခုက တစ်နေ့နေ့တွင် တရားစီရင်မှုပြုလုပ်ခဲ့ပါက သူ့အနေဖြင့် အံ့သြလိမ့်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ရုပ်သံတွေ့ဆုံမှုတစ်ခု၌ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိရာအက်အယ်ဟူစိန်က ဘင်္ဂါလီမွတ်စလင်များအပေါ် တိုက်ခိုက်မှုများသည် ကောင်းစွာဆုံးဖြတ်လျက် အစီအစဉ်ချကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ့အနေဖြင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ရေးလုပ်ဆောင်ချက်များကို ရပ်တန့်ရေးအတွက် ပိုမိုဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဇိက မြန်မာတပ်မတော်၏ စစ်ဆင်ရေးကို “လူမျိုးစုလိုက်သုတ်သင်မှု ပြဋ္ဌာန်းစာအုပ် နမူနာတစ်ရပ်” ဟုခေါ်ဆိုခဲ့ပြီး တစ်စုံတစ်ဦးအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟု ခေါ်ဆိုနိုင်မလားဟု မေးမြန်းခဲ့သော်လည်း ယခု သူ၏နောက်ဆုံးမှတ်ချက်များမှာ သူ၏ရပ်တည်ချက်ကို သိသိသာသာ ထပ်မံမြှင့်တင်လိုက်ခြင်းဖြစ်သည်။

“ကျူးလွန်ခဲ့တာတွေက လူမျိုးတုံးသတ်ဖြတ်မှု အပြုအမူတွေ ဖြစ်နိုင်တယ်ဆိုတာကို ခင်ဗျားအနေနဲ့ ငြင်းပယ်လို့မရနိုင်ဘူးဆိုတာကို အချက်အလက်တွေက ညွှန်ပြနေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

“သတ်မှတ်ထားချက်တွေက အလွန်မြင့်မားတာကြောင့် အခိုင်အမာပြဖို့က သိပ်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ့မြင်ခဲ့တာတွေကိုအခြေခံပြီး ဒီလိုတွေ့ရှိချက်တစ်ရပ်ကို တရားရုံးက အနာဂတ်မှာဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒါဟာ ကျွန်တော်တို့အတွက် အံ့သြစရာမဟုတ်ပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဆိုခြင်းကို မြန်မာနိုင်ငံက ငြင်းပယ်ထားပြီး ၎င်း၏နိုင်ငံရေးသဘောသက်ဝင်မှုနှင့် ဘက်လိုက်မှုရှိခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ဝေဖန်မှုကိုလည်း ပယ်ချခဲ့သည်။ မြန်မာတပ်မတော်က ၎င်းတို့၏စစ်ဆင်ရေးသည် ဥပဒေနှင့်လျော်ညီသော အကြမ်းဖက်မှုနှိမ်နင်ရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဇိက နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သောစိုးရိမ်မှုများကို မြန်မာနိုင်ငံက ပေါ့ပေါ့တန်တန်တုံ့ပြန်မှုသည် ပိုမိုဆိုးရွားသည့် တစ်စုံတစ်ရာအဆင့်များ ဖြစ်ပေါ်လာအောင် လမ်းဖွင့်ပေးနိုင်သည့်အတွက် လက်ရှိအရေးနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကြီးမားလှသည့် ဒုက္ခသည်စခန်းများတွင် ဂျီဟတ်အုပ်စုများ ထူထောင်လာနိုင်ပြီး မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုများပင် စတင်ပြုလုပ်လာနိုင်ကြောင်းနှင့် ဗုဒ္ဓဘာသာဘုရားကျောင်းများကို ပစ်မှတ်ထားနိုင်ဖွယ်ရှိကြောင်း စိုးရိမ်မိသည်ဟု ဇိက ဘီဘီစီရုပ်သံသို့ ပြောကြားခဲ့သည်။

ပေးအပ်သည့်ကောက်နုတ်ချက်များတွင် မသင်္ကာဖွယ် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ မည်သည့်တရားရုံးမှ တရားစွဲဆိုနိုင်သည်ကိုမူ ဇိက ပြောကြားထားခြင်းမရှိပေ။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး အဖွဲ့ဝင်မဟုတ်သောကြောင့် ယင်းကဲ့သို့ရုံးတင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကသာ လွှဲပြောင်းပေးနိုင်သည်။ သို့သော် ယင်းကဲ့သို့သော လွှဲပြောင်းမှုမျိုးကို မြန်မာနိုင်ငံ၏မဟာမိတ် တရုတ်နိုင်ငံက ဗီတိုသုံးကာပယ်ချနိုင်သည်။

နိုင်ငံတစ်နိုင်ငံနှင့်ဆိုင်သော၊ လူမျိုးနွယ်တစ်ခုနှင့်ဆိုင်သော၊ လူမျိုးစုတစ်စုနှင့်ဆိုင်သော၊ ဘာသာရေးနှင့်ဆိုင်သော အုပ်စုတစ်စုကို တစ်ခုလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးပစ်သည့်လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂက အဓိပ္ပာယ်သတ်မှတ်ထားသည်။ ယင်းကဲ့သို့သော သတ်မှတ်ဆောင်ရွက်မှုမျိုးကို နိုင်ငံတကာဥပဒေအောက်၌ ပြုလုပ်ခဲသော်လည်း ဘော့စနီးယားနှင့် ဆူဒန်တို့၌ ဖြစ်ပျက်ခဲ့မှုများအပြင် အီရတ်နှင့်ဆီးရီးယား၌ IS အဖွဲ့၏ ယာဇီဒီတို့အား ကျူးလွန်မှုများအတွက် ယင်းသတ်မှတ်ချက်ကိုအသုံးပြုကာ ဖော်ပြခဲ့သည်။

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် ၈၇၀,၀၀၀ နီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြပြီး အကြမ်းဖက်သမားများက လုံခြုံရေးစခန်းများကို တိုက်ခိုက်ပြီးနောက် မြန်မာတပ်မတော်က စစ်ဆင်ရေးပြုလုပ်ခဲ့သည့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ရောက်ရှိလာခဲ့သည့် လူပေါင်းမှာ ၆၆၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

Most Read

Most Recent