အသက် ၄၀ မွေးနေ့ကို တော်ဝင်ဆန်ဆန်ကျင်းပခဲ့ခြင်းကြောင့် ပြင်သစ်သမ္မတ ဝေဖန်မှုတို့နှင့် ရင်ဆိုင်နေရ

အသက် ၄၀ မွေးနေ့ကို တော်ဝင်ဆန်ဆန်ကျင်းပခဲ့ခြင်းကြောင့် ပြင်သစ်သမ္မတ ဝေဖန်မှုတို့နှင့် ရင်ဆိုင်နေရ
Published 18 December 2017

ပြင်သစ်နိုင်ငံ Loire တောင်ကြားမှ သမ္မတမက်ခရွန် မွေးနေ့ပွဲကျင်းပခဲ့သည်ဟုဆိုသော Chambord ရဲတိုက်ကြီးအား တွေ့ရစဉ် (Photo: Google)

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်သည် ၎င်း၏ အသက် ၄၀ ပြည့်မွေးနေ့ကို ဘုရင် Francois I ၏ အထင်ကရ ရဲတိုက်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။ မက်ခရွန်၏ မွေးနေ့ပွဲ ကျင်းပရန် ရွေးချယ်ခဲ့သည့်နေရာသည် ပြည်သူများနှင့် မက်ခရွန် ဝေးကွာနေကြောင်းကို ပြသသည့် ဥပမာတစ်ခုဟု ဝေဖန်သူများက ရှုတ်ချလျက်ရှိကြသည်။

ဒီဇင်ဘာ ၁၄ ရက်က အသက် ၄၀ ပြည့်ခဲ့သော မက်ခရွန်သည် ယခုသီတင်းပတ်ကုန်ရက်ကို ဇနီး ဘရစ်ဂျတီ၊ အခြားမိသားစုဝင်များ နှင့်အတူ ပြင်သစ်နိုင်ငံ Loire တောင်ကြားရှိ  Chambord ရဲတိုက်တွင် ကုန်ဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းစာ La Nouvella Republique တွင် ဖော်ပြခဲ့သည်။

ပါရီမြို့၏ အနောက်တောင်ပိုင်း ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာတွင် တည်ရှိသော Chambord သည် နတ်သမီးပုံပြင်ဆန်သည့် မျက်နှာစာ၊ ပြအိုးများပါသည့် ခေါင်မိုး၊ ကျယ်ပြန့်သည့် မြေနေရာတို့ကြောင့် Liore တောင်ကြားထဲမှ ရဲတိုက်များထဲတွင် လူသိအများဆုံးဖြစ်သည်။

မက်ခရွန်နှင့် မိသားစုသည် ကျယ်ပြောလှသော ရဲတိုက်ဝင်းထဲမှ တည်းခိုအိမ်တစ်လုံးတွင် နေခဲ့ကြကြောင်း၊ မွေးနေ့ပွဲကို ရဲတိုက်ကြီးထဲရှိ အခန်းပေါင်း ၄၄၀ ထဲမှ တစ်ခန်းတွင် ဒီဇင်ဘာ ၁၆ ရက်က ကျင်းပခဲ့ကြောင်း ပြင်သစ်မီဒီယာတွင် ဖော်ပြခဲ့သည်။ ထိုရဲတိုက်ပရဝုဏ်ထဲတွင် ကြယ်လေးပွင့်အဆင့်ရှိ တည်းခိုခန်းအချို့ ရှိပြီး ယင်းနေရာများမှ အခန်းများ၏ငှားခသည် သီတင်းပတ်ကုန်ရက်များတွင် ဒေါ်လာ ၉၅၀ မှ ၁၂၀၀ အထိပေးရကြောင်း သိရသည်။

မက်ခရွန်နှင့် ဇနီးတို့သည် ထိုနေထိုင်မှုများအတွက် ကုန်ကျစရိတ်ကို ၎င်းတို့၏ငွေများနှင့် ပေးလိမ့်မည်ဟု Elysee နန်းတော်က ထုတ်ပြန်ခဲ့သည်။

သို့သော် နေရာရွေးချယ်ခဲ့မှုအပေါ် ပြင်သစ်နိုင်ငံရေးသမား အများအပြားက ဝေဖန်ခဲ့ကြသည်။ “သူဟာ ဘာဖြစ်လို့များ မွေးနေ့ပွဲကို Chambord မှာသွားပြီး ကျင်းပတာပါလိမ့်။ တော်တော်ထူးဆန်းတဲ့စိတ်ကူးပဲ” ဟု လက်ဝဲစွန်းရောက် ယန်းလုမီလန်ချွန်က ပြောကြားချက်ကို Le Figaro တွင် ကိုးကား၍ ဖော်ပြခဲ့သည်။

“ပြင်သစ်ပြည်သူတွေဟာ အခွန်တွေ၊ မလုံခြုံမှုတွေ၊ ရွှေ့ပြောင်းအခြေချသူတွေကြောင့် ဒုက္ခခံစားနေရတဲ့အချိန်မှာ မက်ခရွန်ကတော့ သူ့အသက် ၄၀ ပြည့်မွေးနေ့ကို Chambord မှာ သွားကျင်းပနေပါတယ်” ဟု လက်ယာယိမ်း နိုင်ငံရေးသမား နီကိုးလပ် ဒူပွန်-အိုင်နန်က Twitter ပေါ်တွင် ရေးသားခဲ့သည်။

တစ်နှစ်လျှင် ခရီးသွားနှစ်သန်းကို ဆွဲ ဆောင်နိုင်သည့် Chambord သည် ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် နေရာတစ်ခုလည်း ဖြစ်သည်။

 

Most Read

Most Recent