ဟောင်ကောင်၏ ပြဿနာများသော ဧရာမတံတားကြီးက အံဖွယ်တစ်ပါးလား၊ ကံခေမှုတစ်ခုလား

ဟောင်ကောင်၏ ပြဿနာများသော ဧရာမတံတားကြီးက အံဖွယ်တစ်ပါးလား၊ ကံခေမှုတစ်ခုလား
Published 17 December 2017

နိုဝင်ဘာ ၂၉ ရက်က ဟောင်ကောင်-ကျူဟိုင်း-မကာအို တံတားအပိုင်း တစ်နေရာအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)

ဟောင်ကောင်၊ မကာအိုနှင့် တရုတ်ပြည်မကြီးတို့အား ဆက်သွယ်ထားသည့် တံတားကြီးကို ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကြီးဟု ကြေညာထားကြသည်။ ထောက်ခံသူများကလည်း ယင်းတံတားကြီးသည် အင်ဂျင်နီယာတို့၏ အံ့ဖွယ်စွမ်းပကားဟု တင်စားခေါ်ဝေါ်နေ ကြသည်။

သို့သော် ဝေဖန်သူများကမူ ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျခဲ့သည့် ထိုတံတား စီမံကိန်းကြီးသည် နိုင်ငံရေး လှုံ့ဆော်မှု တစ်ခုသာဖြစ်ပြီး ကုန်ကျစရိတ်များသော ဆင်ဖြူတော်စီမံကိန်း တစ်ခုလည်း ဖြစ်ကြောင်း ပြောနေသည်။ ထိုတံတားကြီး ဆောက်လုပ်စဉ် တစ်လျှောက်လုံး နှောင့်နှေးမှုများ၊ သတ်မှတ် ဘတ်ဂျက်ထက် ကျော်လွန်မှုများ၊ အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲမှုများ၊ ဆောက်လုပ်ရေးလုပ်သား သေ ဆုံးမှုများ အစရှိသည့် ပြဿနာပေါင်း များစွာလည်း ဖြစ်ပေါ်ခဲ့သည်။

၂၀၀၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၃၄ မိုင် (၅၅ ကီလိုမီတာ) အရှည်ရှိသော ထိုတံတား စီမံကိန်းတွင် မြွေလိမ်မြွေကောက်ပုံစံရှိ လမ်းတံတားတစ်ခု၊ ရေအောက်ဥမင် တစ်ခုတို့ ပါဝင်သည်။ ယင်းတံတားသည် ပုလဲမြစ်၀ ရေနေရာကိုဖြတ်ကာ ဟောင်ကောင်၏ လန်တာအူကျွန်းမှ ပြည်မကြီး တောင်ပိုင်းရှိ ကျူဟိုင်းမြို့နှင့် လောင်းကစားမြို့တော် မကာအိုတို့ကို ဆက်သွယ်ထားခြင်းဖြစ်သည်။

အစိုးရအရာရှိများက တံတားကြီးသည် စီးပွားရေး လုပ်ငန်းများအတွက် တွန်းအားဖြစ်စေကာ ခရီးသွားရန်ကြာချိန်ကို လျှော့ချပေးမည်ဟု ဆိုကြသည်။ ဟောင်ကောင် အတိုက်အခံများကမူ တံတားကြီးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်း ရရှိထားသည့် ဟောင်ကောင်အား တရုတ်အစိုးရ၏ အာဏာချုပ်ကိုင်နိုင်ရန် ကြိုးပမ်းမှု တစ်ခုဟု ရှုမြင်နေကြသည်။

ဟောင်ကောင်သည် တရုတ်နယ်နိမိတ် တစ်ခုတည်း၌ ရှိနေသော်လည်း မကြုံစဖူး အခွင့်အရေးများရ ရှိနေသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော် ဟောင်ကောင်မှ ဒီမိုကရေစီ လိုလားသည့် ငယ်ရွယ်သော တက်ကြွလှုပ်ရှားသူများ၊ ပေါ်ထွန်းစ ခွဲထွက်ရေး လှုပ်ရှားမှုများက တရုတ်အစိုးရကို ကျွဲမြီးတိုစေကာ တရုတ်၏ အချုပ်အခြာ အာဏာကို ထိပါးမည့် မည်သည့်ခြိမ်းခြောက်မှုကို မဆို လက်ခံမည်မဟုတ်ဟု သတိပေးနေကြသည်။

တရုတ်အစိုးရသည် ဟောင်ကောင်နှင့် ပြည်မကြီး၏ အခြားဒေသများကြားမှ နယ်နိမိတ်များကို ပါးလျသွားအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဟောင်ကောင်လွှတ်တော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ဒီမိုကရေစီ လိုလားသည့် လွှတ်တော်အမတ် ကွက်ကာကီက ပြောကြားခဲ့သည်။

ယခုတံတားကြီး၏ ကုန်ကျစရိတ်အတွက် ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုနေရာ သုံးခုစလုံး က မျှဝေကျခံရမည် ဖြစ်သည်။ အိမ်ခြံမြေ အလွန်အမင်း ရှားပါးမှု၊ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးထွားလာမှုတို့ ဖြစ်ပေါ်နေသည့် ဟောင်ကောင်တွင်မူ ထိုတံတားကြီးသည် ဟောင်ကောင်အစိုးရ ငွေများအား အကျိုးရှိသော အသုံးချမှုတစ်ခု ဟုတ်မဟုတ်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှု များစွာလည်း ထွက်ပေါ်စေခဲ့သည်။

ကျွန်းတုများ၊ ချိတ်ဆက်လမ်းများ၊ နယ်စပ်ဖြတ်ကျော်ဂိတ်သစ်များ ပါဝင်သည့် တံတားစီမံကိန်း၏ စုစုပေါင်းစရိတ်သည် ရှင်းရှင်းလင်းလင်း မထွက်ပေါ်သေးပေ။ သို့သော် ခန့်မှန်းချက်များအရ ယွမ်ဘီလျံ ၁၀၀ (ဒေါ်လာ ၁၅ ဒသမ ၁ ဘီလျံ) ကျော်သွားလိမ့်မည်ဟု သိရသည်။

“ဟောင်ကောင်အတွက် ဒါဟာ တကယ်တော့ မလိုအပ်ပါဘူး။ ကျွန်တော်တို့မှာ ပြည်မကြီးကို ဆက်သွယ်ဖို့ လေ၊ ရေ၊ ကုန်းလမ်းကြောင်း အားလုံးရှိနေတာပါပဲ” ဟု ဒီမိုကရေစီလိုလားသည့် ဟောင်ကောင် လွှတ်တော်အမတ် ကလော်ဒီယာမိုက ပြောကြားခဲ့သည်။

“ပေကျင်းအစိုးရ အတွက်ကတော့ ဒီတံတားကြီးဟာ ဟောင်ကောင်နဲ့ပြည်မကြီးကို ဆက်ထားတဲ့ ဧရာမ သင်္ကေတကြီး တစ်ခုပါပဲ” ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

သစ္စာရှိမှုအပေါ် စစ်ဆေးခြင်း

ယခုပင်လယ်ကူး တံတားကြီးသည် ပြည်မကြီးတောင်ပိုင်းရှိမြို့  ကိုးမြို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်း ရရှိထားကြသော  ဟောင်ကောင်၊ မကာအိုတို့ကို ဆက်သွယ်ကာ စီးပွားရေး ဗဟိုချက်တစ်ခု တည်ဆောက်မည့် တရုတ်အစိုးရ၏ Great Bay Area စီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်းဟု သိရသည်။ တရုတ်အစိုးရကို လိုလားသည့် ဟောင်ကောင် လွှတ်တော်အမတ် Regina Ip က ယခုတံတားကြီးသည် အရှေ့တောင်အာရှသို့သွားရန် လမ်းအားလုံးနှင့် ဆက်သွယ်ပေးရာ၌ ကူညီနိုင်လိမ့်မည်ဟုဆိုသည်။

“နယ်စည်းတွေ ရှိနေသေးပေမယ့် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ဈေးကွက်လှုံ့ဆော်တဲ့ လုပ်ရပ်တွေကြောင့် စီးပွားရေး ပူးပေါင်းမှုတွေဟာလည်း ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ ဟောင်ကောင်အနေနဲ့ ဒီလမ်းကြောင်းကို ဆန့်ကျင်လို့ မရပါဘူး”  ဟု Ip က ဟောင်ကောင်ဘက် အနေအထားမှနေ၍ ပြောကြားသွားခဲ့သည်။

သို့သော် ယခုတံတားကြီးအပြင် အမြန်ရထားလမ်း တစ်ခုအပါအဝင် ဒေါ်လာဘီလျံများစွာ ကုန်ကျခံထားသော ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများသည် တရုတ်ဗဟိုအစိုးရ အတွက်သာမက ဒေသတွင်း အာဏာပိုင်များအတွက်ပါ နိုင်ငံရေး ရည်ရွယ်ချက် ကြီးစိုးနေသည့် တွက်ချက်မှုတစ်ခုဖြစ်ကြောင်း သုံးသပ်သူ စတီဖင်ဗန်း အပါအဝင် ဆန်းစစ်လေ့လာသူ အချို့က ရှုမြင်ခဲ့ကြသည်။

“ဟောင်ကောင်က နိုင်ငံရေး ခေါင်းဆောင်ပိုင်းဟာ ပေကျင်းအစိုးရအပေါ် သစ္စာခံတဲ့အကြောင်း သက်သေပြလို နေကြပါတယ်” ဟု ဗန်းက ပြောကြားခဲ့သည်။

Ip ၏ပြောကြားချက်အရ တံတားကြီးသည် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း ဖွင့်နိုင်လိမ့်မည်ဟု မျှော်မှန်းရသည်။

 

ပြည်သူတို့၏ အမြင်များ

အင်ဂျင်နီယာပိုင်း အခက်အခဲများကြောင့် ပင်မတံတားပိုင်း၏ ကုန်ကျစရိတ်သည် ယွမ် ၁၀ ဘီလျံ (ဒေါ်လာ၁ ဒသမ ၅ဘီလျံ) ပိုများသွားသည်ဟု အစိုးရအရာရှိတို့က ဆိုကြသည်။ ထိုတံတားပိုင်း၏ မူလကုန်ကျစရိတ်မှာ ယွမ် ၃၇ ဒသမ ၇ ဘီလျံဟု သိရသည်။

ကွန်ကရိစစ်ဆေးစမ်းသပ်မှု အတုလုပ်ခြင်းဖြင့် ဓာတ်ခွဲခန်းဝန်ထမ်း ၁၉ ဦး တရားစွဲခံရမှု အပါအဝင် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်စရာများလည်း ရှိနေသည်။၂၀၁၁ ခုနှစ်မှစပြီး လုပ်ငန်းပိုင်းဆိုင်ရာ မတော်တဆမှု ၃၉၆ မှုဖြစ်ပွားခဲ့ပြီး ကိုးဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဟောင်ကောင်ဒေသခံများ ကြား၌လည်း တံတားစီမံကိန်းနှင့် ပတ်သက်ပြီး သဘောထားအမျိုးမျိုး ကွဲလွဲလျက်ရှိကြသည်။ “ကျွန်တော်ကတော့ ကောင်းတဲ့ကိစ္စလို့ မထင်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆောက်လုပ်တဲ့အချိန် ကြာတဲ့အပြင် ကုန်ကျစရိတ်ဟာလည်း များလွန်းပါတယ်” ဟု ကုန်ရောင်းဝယ်ရေး လုပ်နေသူ အသက် ၂၈ နှစ်အရွယ် အိုင်းရစ်လမ်က ဆိုသည်။

အသက် ၁၇ နှစ်အရွယ် Saporse Barry ကလည်း တံတားကြီးကို တရုတ်အစိုးရ၏ အာဏာလက်တံတစ်ခုဟု ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ပြည်ကြီးငါးနှင့် ငါးအသားလုံးဆိုင် ဖွင့်ထားသည့် အသက် ၅၅ နှစ်အရွယ် Silvia Lee ကမူ “ဒီတံတားကြီးက လူတွေဒီနေရာကိုလာဖို့ ပိုပြီးသက်သောင့်သက်သာ ဖြစ်သွားစေမယ်ဆိုရင် ဒါဟာ စီးပွားရေးအတွက် အကျိုးပြုတာပါပဲ” ဟု ၎င်းကဆိုသည်။

အသက် ၈၅ နှစ်အရွယ် ဝေါင်ကမ်ဖော့ကမူ ထိုတံတားကြီးကို ဖြတ်ခြင်းသည် ၎င်းမကွယ်လွန်မီ လုပ်ဆောင်ရမည့် အလုပ်များထဲမှ တစ်ခုဟု ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent