နေရူးဂန္ဓီမျိုးဆက်သစ် ရာဟူးဂန္ဓီက ကွန်ဂရက်ပါတီကို ဦးဆောင်သူဖြစ်လာ

နေရူးဂန္ဓီမျိုးဆက်သစ် ရာဟူးဂန္ဓီက ကွန်ဂရက်ပါတီကို ဦးဆောင်သူဖြစ်လာ
Published 17 December 2017

ဒီဇင်ဘာ ၁၆ ရက်က နယူးဒေလီတွင် ပါတီရုံးချုပ်၌ ပါတီဥက္ကဋ္ဌသစ် ရာဟူးဂန္ဓီ (ဝဲ) က ပါတီဥက္ကဋ္ဌဟောင်းနှင့် မိခင်ဖြစ်သူ ဆိုနီယာဂန္ဓီ (လယ်) နှင့် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း (ယာ) တို့ကို နှုတ်ဆက်နေစဉ်

အိန္ဒိယအတိုက်အခံပါတီ ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ရာဟူးဂန္ဓီသည် ကွန်ဂရက်ပါတီကို ဦးဆောင်သည့် နေရူး-ဂန္ဓီမျိုးဆက်တွင် ဆဋ္ဌမမြောက်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

နယူးဒေလီရှိ ကွန်ဂရက်ပါတီ ရုံးချုပ်တွင် မီးရှူးမီးပန်းများ ဖောက်လွှတ်၍ ရာဟူးဂန္ဓီ၏ တာဝန်လွှဲပြောင်းရယူမှုကို ဂုဏ်ပြုခဲ့ကြသည်။

မိခင်ဖြစ်သူ ဆိုနီယာဂန္ဓီက အသက် ၄၇ နှစ်အရွယ် သားဖြစ်သူထံသို့ အာဏာလွှဲပြောင်းခဲ့ပြီဖြစ်ရာ ရာဟူးသည် လက်ယာစွန်း အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကို ဖြုတ်ချရန် ဧရာမတာဝန်အား ထမ်းဆောင်ရတော့မည်ဖြစ်သည်။

အင်္ကျီလက်ရှည်နှင့် ရှပ်အင်္ကျီအဖြူရှည်ကို ဝတ်ဆင်ထားသည့် ရာဟူးက ကွယ်လွန်သူ အဖွားဖြစ်သူနှင့် အဖေဖြစ်သူတို့၏ ပိုစတာများအား ချိတ်ဆွဲထားသည့် စင်မြင့်ထက်တွင် ရာထူးလက်ခံမိန့်ခွန်းကို ပြောကြားခဲ့ရာ တာဝန်အား အရိုကျိုးဆုံးဖြင့်  လက်ခံကြောင်း ဧရာမပုဂ္ဂိုလ်တို့၏ အရိပ်အောက်တွင် အစွမ်းကုန် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရာဟူးဂန္ဓီသည် ယင်းမိန့်ခွန်းတွင်ပင် မိုဒီနှင့် အာဏာရဘီဂျေပီ ပါတီတို့အား တိုက်ခိုက်စကား ပြောကြားခဲ့သည်။

“ကွန်ဂရက်ပါတီက ကျွန်တော်တို့ကို ၂၁ ရာစုဆီ ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ်က ကျွန်တော်တို့ကို သူတို့ယုံကြည်တာတွေအတွက် လူတွေကို ရိုက်နှက်ခံရ၊ သူတို့ရဲ့ ဖြစ်တည်မှုအတွက် သတ်ဖြတ်ခံရ၊ သူတို့ဘာစားတယ် ဆိုတာတွေအတွက် အသတ်ခံရတာတွေ ဖြစ်ခဲ့တဲ့ အလယ်ခေတ်ဆီ ပြန်လည်ခေါ်ဆောင် သွားနေပါတယ်” ဟု ရာဟူးဂန္ဓီက ပြောကြားခဲ့သည်။

အမဲသား စားသုံးမှုအတွက်နှင့် ဟိန္ဒူတို့ အထွတ်အမြတ်ထားသော နွားများအား သတ်ဖြတ်မှုအတွက် စွပ်စွဲချက်ဖြင့် မွတ်စလင်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများ အပါအဝင် ဘာသာမတူသူများကို အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာခြင်း အတွက် မိုဒီအစိုးရသည် ဝေဖန်ခံနေရသည်။

ဆိုနီယာဂန္ဓီသည် ၁၉၉၈ ခုနှစ်မှစပြီး ကွန်ဂရက်ပါတီကို ဦးဆောင်နေခဲ့သည်။ ဆိုနီယာသည် ၂၀၀၄ ရွေးကောက်ပွဲနှင့် ၂၀၀၉ ရွေးကောက်ပွဲတို့တွင် ကွန်ဂရက်ပါတီ အနိုင်ရရှိရေးအတွက် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ကွန်ဂရက်ပါတီသည် ဘီဂျေပီကို အရေးနိမ့်ခဲ့ပြီး ယခုအခါ ၂၀၁၉ ရွေးကောက်ပွဲမတိုင်မီ ပြန်လည်အနိုင်ရရှိရေးအတွက် အရှိန်မြှင့် ကြိုးပမ်းနေပြီဖြစ်သည်။

ရာဟူးဂန္ဓီသည် ၂၀၁၃ ခုနှစ်တွင် ကွန်ဂရက်ပါတီ ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၂၀၁၄ ရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီသည် အဆိုးဆုံးသော ရလဒ်ဖြင့် မိုဒီ၏ ဘီဂျေပီကို ရှုံးနိမ့်ခဲ့သည်။ ထိုနောက်ပိုင်းတွင်လည်း ကွန်ဂရက်ပါတီသည် အဓိက ပြည်နယ်များ၌ ဘီဂျေပီကို ရှုံးနိမ့်ခဲ့ရာ ရာဟူးဂန္ဓီအတွက် အဝေဖန်ခံစရာ ဖြစ်လာခဲ့သည်။

“ကျွန်မသားကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေက သူ့ကိုကြောက်ရွံ့မှုတွေ ကင်းစင်သွားအောင် လုပ်ပေးခဲ့ပါတယ်။ သူဟာ ပါတီကို စံနမူနာပြ သတ္တိနဲ့ ဦးဆောင်မယ်လို့ ကျွန်မ အသေအချာ ပြောနိုင်ပါတယ်” ဟု ဆိုနီယာကပါတီ ထောက်ခံသူများကို ပြောကြားခဲ့သည်။

ရာဟူးဂန္ဓီသည် ကွန်ဂရက်ပါတီ ခေါင်းဆောင်အဖြစ် ပထမဆုံး စမ်းသပ်မှုကို ဂူဂျရတ်ပြည်နယ် ရွေးကောက်ပွဲတွင် ရင်ဆိုင်ရမည်ဖြစ်သည်။ မိုဒီ၏ ဇာတိပြည်နယ်ဖြစ်သော ဂူဂျရတ်တွင် ဘီဂျေပီပါတီက ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်နေခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းများ၌ ဘီဂျေပီသည် ဂူဂျရတ်ပြည်နယ် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု ခန့်မှန်းထားခဲ့သည်။

ရာဟူးဂန္ဓီသည် လွန်ခဲ့သော ၁၃ နှစ်က နိုင်ငံရေးနယ်ပယ်သို့ စတင်ဝင်ရောက်လာခဲ့ပြီး အိန္ဒိယမြောက်ပိုင်း မိသားစုခြေကုပ်မြို့ အာမေထီတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

နေရူးဂန္ဓီမျိုးဆက်၏ ပဉ္စမမြောက် ဆက်ခံသူဖြစ်သော ရာဟူးဂန္ဓီသည် ယခုနှစ်နှောင်းပိုင်း မတိုင်မီအထိ လူထုမြင်ကွင်းများတွင် တွေ့မြင်ရချိန်၌ တွန့်ဆုတ်နေသော နိုင်ငံရေးသမားအဖြစ် ရှုမြင်ခံခဲ့ရသည်။

ဒေလီရှိ ဂျဝါဟာလာနေရူး တက္ကသိုလ်မှ နိုင်ငံရေးလေ့လာမှု ပါမောက္ခ ဂါပရိမဟာဂျန်က ရာဟူးဂန္ဓီသည် ကြီးမားသော တာဝန်ကို ထမ်းထားရပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“ပါတီရဲ့ လုပ်ငန်းတွေမှာ အပြောင်းအလဲတွေကို သူဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာက အရေးကြီးလာနေပါတယ်။ လူငယ်ခေါင်းဆောင်တွေကို ရှေ့တန်းတင်လာတာမျိုးနဲ့ သူရဲ့ခေါင်းဆောင်မှုကို ဝေဖန်တာတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတာ အရေးကြီးလာမှာပါ” ဟု မဟာဂျန်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အောက်ခြေအဆင့်တွင် အပြောင်းအလဲများကို ဆောင်ရွက်နိုင်စွမ်းရှိပါက ဘီဂျေပီကို ရင်ဆိုင်ရန် ရုန်းကန်နေရသော ကွန်ဂရက်ပါတီအတွက် ဦးဆောင်မှုသစ် ပေးနိုင်မည်ဖြစ်ကြောင်း မဟာဂျန်က ဆိုခဲ့သည်။

Ref : AFP

Most Read

Most Recent