တောင်တရုတ်ပင်လယ်ထဲမှ စစ်ရေးဆိုင်ရာဆောက်လုပ်မှု သတင်းများမှာ ရေးကြီးခွင့်ကျယ်လုပ်နေခြင်းဟု တရုတ်က ပြောကြား

တောင်တရုတ်ပင်လယ်ထဲမှ စစ်ရေးဆိုင်ရာဆောက်လုပ်မှု သတင်းများမှာ ရေးကြီးခွင့်ကျယ်လုပ်နေခြင်းဟု တရုတ်က ပြောကြား
Published 17 December 2017

တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲကျွန်းစု၌ မြေယာဖော်ထုတ်မှုနှင့် အဆောက်အအုံများ တည်ဆောက်ထားမှုအား ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံ (Photo: AFP)

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ထဲရှိ ပိုင်နက်အငြင်းပွားကျွန်းစုများပေါ်မှ ဆောက်လုပ်မှုများသည် ပုံမှန်ဖြစ်စဉ်များသာဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ကာကွယ် ပြောကြားခဲ့သည်။

တရုတ်သည် ရေဒါနှင့်အခြားအသုံးအဆောင်များ တပ်ဆင်နေသည်ကို ပြသနေသော ဂြိုဟ်တု ဓာတ်ပုံသစ်များကို အမေရိကန် စောင့်ကြည့် လေ့လာရေးအဖွဲ့တစ်ခုက ထုတ် ပြန်ခဲ့ပြီးနောက် တရုတ်အစိုးရက ယခုတုံ့ပြန် ပြောကြားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အာရှရေကြောင်း ပွင့်လင်းမြင်သာရေးအဖွဲ့၏ ထိုထုတ်ပြန်ချက်တွင် တရုတ် အစိုးရသည် အငြင်းပွားနေသော ရေပိုင်နက်ရှိ စပရက်တလီ၊ ပါရာဆဲကျွန်းစုများမှ ကျောက်တန်းများပေါ်၌ စစ်ဘက်သုံး အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်အား တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လူကန်က 'တရုတ်အနေနဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ရေးလုပ်နေ တာဖြစ်ဖြစ်၊ ကာကွယ်ရေးပစ္စည်း အသုံးအဆောင်တွေ တပ်ဖြန့်တာဖြစ်ဖြစ် လုပ်နေတာဆိုရင်လည်း ဒါဟာ ပုံမှန်ကိစ္စပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အချုပ်အခြာ အာဏာပိုင်နက်အတွင်းမှာ လုပ်ဆောင်နေလို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အချို့သူများက ရေးကြီးခွင့်ကျယ် လုပ်နေခြင်းသာ ဖြစ်ကြောင်းလည်း လူကန်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

ဝါရှင်တန်အခြေစိုက် AMTI ၏ ထုတ်ပြန်ချက်တွင်မူ တရုတ်သည် ကျွန်းတုများပေါ်မှ ဆောက်လုပ်မှုများကို တစ်ဆင့်ထပ်မြှင့်၍ လုပ်ဆောင်နေပြီဖြစ်သည့်အကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်အတွင်းက Fiery Cross ကျောက်တန်းပေါ်တွင်ဆောက်လုပ်မှု အများဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၇ ဧက သို့မဟုတ် ၁၁၀၀၀၀ စတုရန်းမီတာထဲတွင် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု AMTI အဖွဲ့က အသစ်ထွက်လာသည့် ဂြိုဟ်တု ဓာတ်ပုံများကို သုံးသပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent