တရုတ်၏ နယ်ချဲ့ရန်ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများကြားတွင် အကြီးအကျယ် သဘောထားကွဲလွဲနေ

တရုတ်၏ နယ်ချဲ့ရန်ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများကြားတွင် အကြီးအကျယ် သဘောထားကွဲလွဲနေ
Published 6 August 2017

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် ကျင်းပခဲ့သော အကြိမ် ၅၀ မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမစတင်မီ လက်များချိတ်ဆက်ထားကြသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ (Photo: AFP)

အရှေ့တောင်အာရှနိုင်ငံများသည် တောင်တရုတ်ပင်လယ်ထဲမှ တရုတ်၏ နယ်ချဲ့မှုပြဿနာနှင့်ပတ်သက်ပြီး ရင်ဆိုင်ရာတွင် သဘောတူညီမှုရရှိရေးအတွက် သြဂုတ် ၆ ရက်တွင်လည်း အကြိတ်အနယ် ကြိုးပမ်းနေကြရဆဲဖြစ်ကြောင်း သံတမန်များက ပြောကြားခဲ့သည်။ ကမ္ဘောဒီယားသည် တရုတ်အစိုးရဘက်မှလိုက်ပြီး အကြီးအကျယ် ဆွယ်တရား ဟောနေသည်ဟု သိရသည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် သတ်မှတ်ထားသည့်အတိုင်း သြဂုတ် ၅ ရက်ညနေတွင် တရုတ် ပြဿနာနှင့်ဆိုင်သော ပူးတွဲသဘောတူညီချက်တစ်ခုကို မထုတ်ပြန်နိုင်ခဲ့ပေ။ သြဂုတ် ၆ ရက် နံနက်ပိုင်းတွင်လည်း နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦးသည်  ယင်းကိစ္စကိုပင် အခြေအနေ တင်းမာစွာဖြင့် အကြိတ်အနယ် ဆက်လက်ဆွေးနွေးနေကြဆဲဖြစ်သည်ဟု ထိုဆွေးနွေးပွဲအတွင်း ပါဝင်သော သံတမန်နှစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

တရုတ်သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့၏ ကမ်းရိုးတန်းအနီး မှ ရေပြင်များ အပါအဝင် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ထားသည်။

အာဆီယံ၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် အငြင်းပွားရေပိုင်နက်ထဲ၌ တရုတ်၏ မြေဖော်ဆောင်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်နေသည့်အကြောင်း တင်းမာသည့်အသုံးအနှုန်းဖြင့် ထည့်သွင်းဖော်ပြရမည်ဟု ဗီယက်နမ်က အခိုင်အမာဆိုပြီးနောက် ယခုကဲ့သို့ အကြိတ်အနယ် ဆွေးနွေးမှုများ ဖြစ်လာခြင်းဖြစ်သည်။ ဗီယက်နမ်သည်လည်း မဟာဗျူဟာအရ အရေးပါသည့် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့ကို ပိုင်သည်ဟု ပြောလျက်ရှိသည်။

အာဆီယံထဲမှ တရုတ်၏အခိုင်မာဆုံး မိတ်ဖက်တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားမှာမူ ဗီယက်နမ်၏ သဘောထားကို ခိုင်ခိုင်မာမာ ပြန်လည်ခုခံနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။ “ဗီယက်နမ်ဘက်ကတော့ တစ်ပြားမှ လျှော့မှမဟုတ်ပါဘူး။ တရုတ်ဟာ သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ ကမ္ဘောဒီးယားကို ထိထိရောက်ရောက် အသုံးချနေပါတယ်။ ဖိလစ်ပိုင်ကတော့ ညှိနှိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ စေ့စပ်ပေးဖို့ တော်တော်လေးကို ကြိုးပမ်းနေပါတယ်”ဟု မနီလာတွင်ပြုလုပ်သည့် ထို အာဆီယံအစည်းအဝေးတွင် ပါဝင်သော သံတမန်များထဲမှတစ်ဦးက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်သော တင်းမာမှုများသည် အာဆီယံထဲတွင် ပြဿနာတစ်ခုဖြစ်နေသည်မှာ ကာလရှည်ကြာရှိပြီဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် သြဂုတ် ၆ ရက်မှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအပြင် အခြားသော အာရှ-ပစိဖိတ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးသန့် တွေ့ဆုံဆွေးနွေးပွဲများလည်း ရှိသည်။

တရုတ်နှင့် တွေ့ဆုံပွဲတွင် တောင်တရုတ်ပင်လယ် ပြဿနာဖြေရှင်းရေးအတွက်  စည်းမျဉ်းများချမှတ်ရန် အခြေခံမူဘောင်တစ်ခုကို အတည်ပြုရန် စီစဉ်ထားကြသည်။ လေ့လာသူများက ထိုမူဘောင် သဘောတူညီချက်ကို အများကြီးအရေးမထားကြရန်  သတိပေးနေသည်။ ထိုစည်းမျဉ်းများသည် ဆွေးနွေးမှုများအပြီး ၁၅ နှစ်အကြာမှ ထွက်ပေါ်လာမည်ဖြစ်သဖြင့် တရုတ်သည် ထိုကာလအတွင်း၌ ၎င်း၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောကြားချက်များ အတည်ဖြစ်စေရန် ကြိုးပမ်းလိမ့်မည်ဟု လေ့လာသူများက ဆိုကြသည်။ တရုတ်သည် ပြီးခဲ့သည့်နှစ်များကတည်းကစပြီး တောင်တရုတ် ပင်လယ်ထဲတွင် စစ်အခြေစိုက်စခန်းများ ထားနိုင်သည့် ကျွန်းတုများကို ဆောက်ကာ ၎င်း၏တည်ရှိမှုကို တိုးချဲ့ရန်ကြိုးပမ်းနေသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်နှင့် တွေ့ဆုံပွဲတွင်မူ တေလာဆင်သည် မြောက်ကိုရီးယားအပေါ် ဖိအားများပိုမို ပေးကြရေးအတွက် အာဆီယံနိုင်ငံများကို တိုက်တွန်းလိမ့်မည်ဖြစ်သည်။ တေလာဆင်သည် မြန်မာနိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံရန် စီစဉ်ထားပြီး ယင်းနောက်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့မည်ဖြစ်သည်။

Most Read

Most Recent