ရုရှားစီးပွားရေးဝန်ကြီးဟောင်း ဒေါ်လာနှစ်သန်း လာဘ်စားမှုစွဲချက်အတွက် ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခံရ

ရုရှားစီးပွားရေးဝန်ကြီးဟောင်း ဒေါ်လာနှစ်သန်း လာဘ်စားမှုစွဲချက်အတွက် ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခံရ
Published 16 December 2017

ဒီဇင်ဘာ ၁၅ ရက်က မော်စကိုရှိ တရားရုံးသို့ ရောက်လာခဲ့သော အူယူကာယက် (Photo: AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နီးစပ်သော မဟာမိတ်တစ်ဦးထံမှ လာဘ်စားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော စီးပွားရေးဝန်ကြီးဟောင်း အလက်ဇီအူယူကာယက်အား ထောင်ဒဏ်ရှစ်နှစ်ကျခံရန်နှင့် ငွေဒဏ်ဒေါ်လာ ၂ ဒသမ ၂ သန်း ပေးဆောင်ရန် တရားရုံးက ဒီဇင်ဘာ ၁၅ ရက်တွင် ချမှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဖြစ်လာခဲ့သော အူယူကာယက်သည် ပူတင်၏ ၁၇ နှစ်ကြာ အုပ်စိုးမှုအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။

အသွင်ယူ ဖမ်းဆီးမှုတစ်ခုတွင် နိုင်ငံပိုင် ရေနံကုမ္ပဏီကြီး Rosneft ဥက္ကဋ္ဌ အီဂေါ်ဆီချင်ထံမှ ဒေါ်လာနှစ်သန်း လာဘ်စားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အသက် ၆၁ နှစ်ရှိ ဝန်ကြီးဟောင်း အူယူကာယက်အား ပြင်းထန်သော အကျဉ်းထောင်စနစ်တွင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ဒေါ်လာ ၈ ဒသမ ၅ သန်း (ရူဘယ်သန်း ၅၀၀) ချမှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့ကြသည်။

ဝေးလံခေါင်သီသော နေရာအများစုတွင် တည်ရှိပြီး အကျဉ်းသားများသည် မိသားစုဝင်များနှင့် အဆက်အသွယ်ရရန် ခက်ခဲသည့် ပြင်းထန်သော အကျဉ်းထောင်စနစ်တွင် ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဆိုပါက သေဒဏ် ပြစ်ဒဏ်ကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း အူယူကာယက်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ဆီချင်က ဒေါ်လာနှစ်သန်း ထည့်ထားသောအိတ်အား ကမ်းပေးခဲ့ပြီးနောက် အူယူကာယက်သည် Rosneft ကုမ္ပဏီရုံးချုပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဆီချင်က အသွင်ယူဖမ်းဆီးရန် လုံခြုံရေးများကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်နိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သော Bashneft ထံမှ Rosneft က ရှယ်ယာများ ဝယ်ယူသည့် အငြင်းပွားဖွယ် သဘောတူညီချက်ကို အူယူကာယက်က ထောက်ခံပြီး အပြန်အလှန်အားဖြင့် လာဘ်ထိုးရန် ၎င်းက တောင်းဆိုခဲ့ကြောင်း ဆီချင်က စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့သည်။ Rosneft သို့ ရှယ်ယာများ ရောင်းချမှုအား အူယူကာယက်က အစောပိုင်းတွင် ဆန့်ကျင်ခဲ့သော်လည်း ယင်းရောင်းချမှုသည် ပြည်သူ့ဘဏ္ဍာများအား ဖြည့်ဆည်းနိုင်ရန် အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့ပြီးနောက် အူယူကာယက်က နောက်ပိုင်းတွင် ထောက်ခံခဲ့ခြင်းဖြစ်သည်။

ဆီချင်က ယင်းသဘောတူညီချက်အား အောင်ပွဲခံရန်ကတိဖြင့် ယင်းအိတ်ထဲတွင် တန်ဖိုးကြီးဝိုင်များ ထည့်လာခဲ့သည်ဟု ယုံကြည်ခဲ့ကြောင်း အူယူကာယက်က ပြောကြားခဲ့ပြီး စွဲချက်များအား ငြင်းဆိုခဲ့သည်။ အူယူကာယက်သည် အမှတ်အသားပြုထားသော ငွေစက္ကူများ ထည့်ထားသည့် အိတ်ကိုဖွင့်ခဲ့ပြီး ယင်းသည် လာဘ်ထိုးမှုဟု သိရှိခဲ့ကြောင်း ပြသသည့်သက်သေများကိုမူ အစိုးရရှေ့နေများက မထုတ်ပြန်ခဲ့ပေ။ ဆီချင်အား မျက်မြင်သက်သေအဖြစ် ဆင့်ခေါ်ခဲ့သော်လည်း ၎င်းက တရားခွင်သို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

အူယူကာယက်သည် နေအိမ်အကျယ်ချုပ်ဖြင့် ကျခံနေရစဉ်အတွင်း ကိုယ်အလေးချိန် သိသာစွာ ကျဆင်းခဲ့ပြီး ရုံးတင်စစ်ဆေးမှုအတွင်း ချက်ကော့ဗ်နှင့် ကာဖ်ကာတို့၏ စာအုပ်များအပြင် ပလေတို၏ Apology of Socrates ကိုလည်း ဖတ်ရှုခဲ့သည်။

Ref: AFP

Most Read

Most Recent