မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို အဆင့်လျှော့ချရန် ထိုင်းကို အမေရိကန်က ဖိအားပေး

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို အဆင့်လျှော့ချရန် ထိုင်းကို အမေရိကန်က ဖိအားပေး
Published 16 December 2017

ဒီဇင်ဘာ ၁၄ ရက်က ဘန်ကောက်တွင် ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး (ယာ)နှင့် အမေရိကန်၏ မြောက်ကိုရီးယားမူဝါဒရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံနေစဉ် (Photo: AFP)

မြောက်ကိုရီးယားနှင့် သံတမန်ရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုများကို အဆင့်လျှော့ချရန် ထိုင်းနိုင်ငံအား အမေရိကန်က ဖိအားပေးထားကြောင်း အကြီးတန်း ထိုင်းတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားကို အထီးကျန်ထားရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က ကြိုးပမ်းနေစဉ် ထိပ်တန်းအမေရိကန်ကိုယ်စားလှယ် ဂျိုးဆက်ယွန်က ထိုင်းသို့ နှစ်ရက်ကြာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်သို့ ဒီဇင်ဘာ ၁၃ ရက်တွင် ရောက်ရှိခဲ့သည့် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂျိုးဆက်ယွန်နှင့် တွေ့ဆုံခဲ့သော ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဝမ်လော့ရက်ဆာနိုအာက မြောက်ကိုရီးယားကို ဖိအားပေးရန် အမေရိကန်က တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရသည် မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးပမာဏကို လျှော့ချထားပြီး တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်သာ ရှိတော့ကြောင်း၊ မြောက်ကိုရီးယား နိုင်ငံသားများအား ဗီဇာထုတ်ပေးမှုကိုလည်း လျှော့ချမည်ဖြစ်ကြောင်း ရက်ဆာနိုအာက ပြောကြားခဲ့သည်။

ထိုင်းသည် ဒေသတွင်း၌ အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ်တစ်နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားသံရုံးကို လက်ခံထားသည့် အရှေ့တောင်အာရှနိုင်ငံများအနက်မှ တစ်နိုင်ငံလည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ၏ ပိတ်ဆို့အရေးယူမှုများသည် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းနှင့် ဒုံးစမ်းသပ်မှုများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိသောကြောင့် ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယားကို ပို၍ဖိအားပေးရန်အတွက် ဒေသတွင်း ခေါင်းဆောင်များထံသို့ ပို၍အာရုံစိုက်လာခဲ့သည်။

မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ယွန်သည် အာရှသို့ ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ လာရောက်ခဲ့ပြီး မြောက်ကိုရီးယားအား ဖိအားပေးရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သောနိုင်ငံအဖြစ် အရှိန်မြင့် ကြိုးပမ်းနေမှုသည် မည်သည်ကို လိုလား၍ဖြစ်ကြောင်း သိရှိရန်အတွက် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု လိုအပ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ယွန်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်သည် ရုတ်တရက်မူဝါဒ ပြောင်းလဲမှုအဖြစ် မြောက်ကိုရီးယားနှင့် တိုက်ရိုက်ဆွေးနွေးရန် လမ်းဖွင့်ထားပြီး ကြိုတင်ပြဋ္ဌာန်းမှုများ မလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ပြောကြားခဲ့ပြီးနောက် ဂျိုးဆက်ယွန်၏ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အား စကားလုံးဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး တေလာဆင်က မြောက်ကိုရီးယားနှင့် တွေ့ဆုံရန် ကြိုးပမ်းမှုများကို အောက်တိုဘာလတွင် ပယ်ချခဲ့ဖွယ်ရှိသည်။

Ref: AFP

Most Read

Most Recent