မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်အရေးသည် တမင်ရည်ရွယ်ကာ ပြုလုပ်ခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်သည်ဟု ကုလသမဂ္ဂတပ်မှူးဟောင်း ပြောကြား

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်အရေးသည် တမင်ရည်ရွယ်ကာ ပြုလုပ်ခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်သည်ဟု ကုလသမဂ္ဂတပ်မှူးဟောင်း ပြောကြား
Published 16 December 2017

အောက်တိုဘာ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ အူခီယာနှင့်ကပ်လျက် ပါလောင်ခါလီဧရိယာရှိ လူမနေသည့် ကျွန်းစုအနီးတွေ့ရသော ဘင်္ဂါလီမွတ်စလင်များ

ရဝမ်ဒါတွင် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များ၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူက မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်အရေးတွင် ကြားဝင်စွက်ဖက်လိုသည့်ဆန္ဒမှာ ပျောက်ဆုံးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့အာဏာပိုင်တစ်ဦးဖြစ်ခဲ့သူက မြန်မာနိုင်ငံမှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် ဖြစ်ပျက်ခဲ့မှုများသည် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်သည်ဟု သံသယဖြစ်ဖွယ် မရှိကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ယင်းကို ကာကွယ်ရန် ကြားဝင်စွက်ဖက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များ၏ တပ်မှူးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ရိုမီယိုဒလိုင်းယားက လူမျိုးတုံး သတ်ဖြတ်မှုသည် ဖြစ်အံ့ဆဲဆဲဖြစ်သော်လည်း လျစ်လျူပြုခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ရဝမ်ဒါတွင် ဖြစ်ပွားသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဝါရင့်သက်သေတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဒလိုင်းယားက မြန်မာနိုင်ငံတွင် စီစဉ်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သတိပေးနေခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုသည် ဖြစ်လုဆဲဆဲ အနေအထား၌ရှိကြောင်း ယခုအခါ ပထမဆုံးအနေဖြင့် Sky News ၏ World View အစီအစဉ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

သမိုင်းသည် သူ့ဘာသာ တစ်ပတ်ပြန်လည်လာခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

သူက “အခုဟာက ရဝမ်ဒါတုန်းက သဘောထား တင်းမာသူတွေ ရေးထားခဲ့တာနဲ့ စာအုပ်ချင်း အတူတူလိုပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တုံ့ပြန်ပုံကလည်း အဲဒီတုန်းကနဲ့ စာအုပ်ချင်းအတူတူပါပဲ။ ကျွန်တော်တို့ အားလုံးက အကောင်အထည်ဖော်ပြီး စစ်ဆင်ရေး ဆင်နွှဲရမှာကြောက်ကြတဲ့ ‘ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူမှု’ (R2P) လိုမျိုး အကောင်းဆုံး လက်ရာပြီးတဲ့နောက် ဖြစ်လာတာမျိုးပါ” ဟု ပြောကြားခဲ့သည်။

R2P ဆိုသည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံမဖြစ်ပွားအောင် ကာကွယ်ရေးအတွက် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုပေးသော နိုင်ငံတကာ သဘောတူညီချက် တစ်ရပ်ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဒလိုင်းယားက ဘင်္ဂါလီမွတ်စလင် အရေးဖြစ်ပေါ်မှုတွင် ယင်းကို စွန့်ပယ်ထားခဲ့ပြီးဖြစ်ကြောင်း ယုံကြည်နေသည်။

ကုလသမဂ္ဂက ဘင်္ဂါလီမွတ်စလင်များ အပေါ် မြန်မာတပ်မတော်၏ စစ်ဆင်ရေးအား လူမျိုးစုလိုက် သုတ်သင်မှုဟုခေါ်ဆိုကာ ပြစ်တင်ရှုတ်ချခဲ့သည်။

ရခိုင်ပြည်နယ်ရှိ လူနည်းစုအုပ်စုကို တိုက်ခိုက်မှုများအတွက် မြန်မာအာဏာပိုင်များ အနေဖြင့် ပြင်းထန်သော ဝေဖန်မှုများ ခံခဲ့ရသော်လည်း ဝေဖန်မှုများတွင် လူမျိုးတုံး သတ်ဖြတ်မှုဟူသည့် စကားလုံးအသုံးပြုမှုကို ရှောင်ရှားခဲ့ကြသည်။

Ref: Sky News

Most Read

Most Recent