ကိုလံဘီယာ၏ အကြီးဆုံး မူးယစ်ဆေးဂိုဏ်းကြီးက အပစ်အခတ် ရပ်စဲကြောင်း ကြေညာ

ကိုလံဘီယာ၏ အကြီးဆုံး မူးယစ်ဆေးဂိုဏ်းကြီးက အပစ်အခတ် ရပ်စဲကြောင်း ကြေညာ
Published 16 December 2017

ဒီဇင်ဘာ ၁၃ ရက်က ကိုလံဘီယာရှိ ကာလီမြို့တွင် စောင့်ကြပ်နေသော ကိုလံဘီယာစစ်သားများ (Photo: AFP)

ကိုလံဘီယာ၏ အကြီးဆုံး မူးယစ်ဆေးဂိုဏ်းကြီး Clan del Golfo က နိုင်ငံတွင်းမှ ရာစုနှစ်ဝက်ကြာ ပဋိပက္ခကြီးကို အဆုံးသတ်စေရန် အစိုးရနှင့် သူပုန်အဖွဲ့တို့ကြားမှ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးသောအားဖြင့် ယင်း၏ လက်နက်ကိုင်လုပ်ရပ်များကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။ “ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကစပြီး နိုင်ငံတော်ပိုင်နက်တွေထဲမှာ လက်နက်ကိုင် ဆန့်ကျင်ရေးအလုပ်တွေကို တစ်ဖက်သတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်” ဟု Clan del Golfo ဂိုဏ်း၏ လက်နက်ကိုင်အဖွဲ့ ACG ၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

“ဒီနိုင်ငံထဲက အကြမ်းဖက်မှုတွေကို လျော့ကျစေမယ့် ဘယ်လုပ်ရပ်ကိုမဆို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းကို ကျွန်တော်တို့ရဲ့ ဖိအားပေးမှုတွေကို ရပ်လိုက်မယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး” ဟု သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်က ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်က ပြိုကွဲခဲ့သော လက်ယာအစွန်းရောက် ပြည်သူ့စစ်အဖွဲ့၏ အကြွင်းအကျန်များဖြင့် Clan del Golfo ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစိုးရကမူ Clan del Golfo ကို ၂၀၁၅ ခုနှစ်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ အင်အားယုတ်လျော့လာသည့် ACG သည် လက်ဝဲအုပ်စုများဖြစ်သော FARC၊ ELN သူပုန်အဖွဲ့တို့၏ ကာလရှည် ပြိုင်ဘက်လည်းဖြစ်သည်။ ကိုလံဘီယာအစိုးရကမူ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းခဲ့သော FARC သူပုန်အဖွဲ့ကဲ့သို့ Clan del Golfo ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။

Ref: AFP

Most Read

Most Recent