ခြစားမှုစွဲချက် တင်ခံထားရသော အင်ဒိုနီးရှားပါလီမန်ဥက္ကဋ္ဌ ဝမ်းလျှောမှုကြောင့် ရုံးတင်စစ်ဆေးမှု နှောင့်နှေးခဲ့

ခြစားမှုစွဲချက် တင်ခံထားရသော အင်ဒိုနီးရှားပါလီမန်ဥက္ကဋ္ဌ ဝမ်းလျှောမှုကြောင့် ရုံးတင်စစ်ဆေးမှု နှောင့်နှေးခဲ့
Published 15 December 2017

ဒီဇင်ဘာ ၁၃ ရက်က ဂျကာတာရှိ တရားခွင်သို့ ပါလီမန်ဥက္ကဋ္ဌ နိုဗန်တို(လယ်)အား စောင့်ကြပ်ခေါ်ဆောင်လာစဉ် (Photo- AFP)

အင်ဒိုနီးရှားတွင် နှစ်များစွာအတွင်း အကြီးမားဆုံး အကျင့်ပျက်ခြစားမှုအတွက် စွဲချက်များစွဲဆိုခံထားရသော ပါလီမန်ဥက္ကဋ္ဌ ဆက်ယာနိုဗန်တိုသည် ဝမ်းလျှောမှုကြောင့် အလွန်အမင်း နေထိုင်မကောင်းဖြစ်နေကြောင်း ပြောကြားခဲ့ပြီးနောက် ၎င်းအား ဒီဇင်ဘာ ၁၃ ရက်တွင် ကြားနာစစ်ဆေးရန် အစီအစဉ်သည် နှောင့်နှေးခဲ့ရပြီး တရားခွင်တက်ရောက်ခဲ့သူများက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။

ယခင်ကလည်း အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲချက်များ ရင်ဆိုင်ခဲ့ရပြီး စီရင်ချက်ချမှတ်မခံခဲ့ရသော နိုဗန်တို၊ ၆၂ နှစ်သည် အင်ဒိုနီးရှားရှိ လူဦးရေသန်း ၂၅၀ ကျော်အား သက်သေခံကတ်သစ်များ ထုတ်ပေးရန် အစိုးရ၏ အစီအစဉ်မှရန်ပုံငွေများအား ဖြတ်စားလျှပ်စားလုပ်ခဲ့သည့် နိုင်ငံရေးသမား အများအပြားတွင် ပါဝင်ခဲ့သည်ဟု စွဲချက်တင်ခံထားရခြင်း ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် ထွက်ပေါ်ခဲ့သော ယင်းအရှုပ်တော်ပုံတွင် အစိုးရအသုံးစရိတ်များမှ ခန့်မှန်းခြေ ဒေါ်လာသန်း ၁၇၀ ခန့်အား မသမာနည်းဖြင့် ရယူခဲ့ကြကြောင်း စွပ်စွဲခံထားရသည်။

သံသယရှိသူများ ဝတ်ဆင်ရသည့် လိမ္မော်ရောင်ဝတ်စုံဖြင့် ဗဟိုဂျကာတာတရားရုံးသို့ ရောက်လာခဲ့သည့် နိုဗန်တိုသည် ၎င်း၏အမည်အား တရားသူကြီးက အကြိမ်ကြိမ် မေးမြန်းချိန်တွင် ဝမ်းနည်းနေမှုနှင့် ညည်းညူနေပုံရကြောင်း သိရသည်။ ၎င်းဝမ်းလျှောနေသည်မှာ ငါးရက်ကြာနေပြီဖြစ်ကြောင်း၊ ဆရာဝန်များထံ ဆေးတောင်းခဲ့သော်လည်း ဆေးမရခဲ့ကြောင်း နိုဗန်တိုကပြောကြားခဲ့ရာ ၎င်း၏ အပြုအမူများကို တရားခွင်တက်ရောက်သူများက ဟားတိုက်ခဲ့ကြသည်။ ဆရာဝန်သုံးဦးက ၎င်းအား စစ်ဆေးပြီး ကြားနာမှုခံယူရန်အတွက် ကျန်းမာရေးကောင်းမွန်ကြောင်း အစောပိုင်းတွင် ပြောကြားထားဟု အစိုးရရှေ့နေများက စောဒကတက်ခဲ့ကြသော်လည်း နိုဗန်တို၏ ရှေ့နေမက်ဒီယာအစ္စမေးက ၎င်း၏ အမှုသည်သည် အလွန်နေထိုင် မကောင်းဖြစ်နေပြီး တရားခွင်တက်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ နိုဗန်တိုအား အခြားဆရာဝန်များဖြင့် စစ်ဆေးခွင့်ပြုရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

တရားသူကြီးယန်တိုက စွပ်စွဲခံရသူ ရှေ့နေ၏ စောဒကတက်မှုများကြောင့် ကြားနာမှုကို နှစ်ကြိမ်ဆိုင်းငံ့ခဲ့ရသော်လည်း ဆက်လက်လုပ်ဆောင်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့သည်။

Ref; AFP

Most Recent