အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အစ္စလာမ္မစ်ခေါင်းဆောင်များ ကြေညာ

အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အစ္စလာမ္မစ်ခေါင်းဆောင်များ ကြေညာ
Published 15 December 2017

အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အစ္စလာမ္မစ်ခေါင်းဆောင်များ ကြေညာ (Photo - AFP)

အမေရိကန်သည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန်ကဏ္ဍ မရှိတော့ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်က သတိပေးခဲ့ချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် သိမ်းယူခံထားရသည့် အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏ မြို့တော်အဖြစ် အသိအမှတ်ပြုရန် အစ္စလာမ္မစ် ခေါင်းဆောင်များက ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်တွန်းခဲ့သည်။

ဂျေရုစလင်အား အစ္စရေး၏မြို့တော်အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သော  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကို တင်းမာသော တုံ့ပြန်မှုဆောင်ရွက်ရန် တူရကီသမ္မတရီဆပ်တေယစ်အာဒို ဂန်က အစ္စတန်ဘူတွင် ကမ္ဘာ၌ အဓိက အစ္စလာမ္မစ်အဖွဲ့ဖြစ်သော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့သည်။

အစ္စလာမ်ကမ္ဘာတွင်ပင် သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေခဲ့ပြီး ယင်းအစည်းအဝေးတွင် အစ္စရေး သို့မဟုတ် အမေရိကန်အား ပြင်းထန်သောပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်အတွက် မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့ပေ။

သို့သော် ၎င်းတို့၏ နောက်ဆုံးကြေညာချက်တွင် အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံအားလုံးအနေဖြင့် ပါလက်စတိုင်းနှင့် အရှေ့ဂျေရုစလင်တို့အား သိမ်းပိုက်ခံထားရသည့် မြို့တော်အဖြစ် အသိအမှတ်ပြုကြရန် တိုက်တွန်းခဲ့သည်။

ထရန့်၏ဆုံးဖြတ်ချက်သည် ဥပဒေကြောင်းအရ တရားမဝင်ကြောင်းနှင့် ၎င်း၏ ဆုံးဖြတ်ချက်သည် အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများအား တွန်းအားဖြစ်စေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုအားလုံးကို အားလျော့စေသည့် တမင်ရည်ရွယ်မှုဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

ခရစ်ယာန်၊ ဂျူးနှင့် မွတ်စလင်များက အထွတ်အမြတ်ထားကြသော ဂျေရုစလင်မြို့ အဆင့်အတန်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အကဲဆတ်ဆုံးအကြောင်း အရာဖြစ်ဖွယ်ရှိသည်။ အစ္စရေးက ယင်းတစ် မြို့လုံးအား ၎င်းတို့၏ မြို့တော်အဖြစ် သတ်မှတ်ထားသည်။ ပါလက်စတိုင်းကမူ အရှေ့ဂျေရုစလင်သည် အစ္စရေးက သိမ်းယူခဲ့သည့် အနာဂတ်ပါလက်စတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်ထားသည်။

OIC ၏ကြေညာချက်များကို ၎င်းက သဘောမကျကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက တုံ့ပြန်ခဲ့ပြီး ပါလက်စတိုင်းသည် လက်တွေ့ဘဝကို အသိအမှတ်ပြုခြင်းနှင့် အစွန်းရောက်မှုအစား ငြိမ်းချမ်းရေးကို လိုလိုလားလား ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးအတွက် ကြိုးပမ်းသူဟု ကိုယ့်ကိုယ်ကိုယ်ရည်ညွှန်းသော အာဒိုဂန်က ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းနယ်မြေများ အရွယ်အစားကျုံ့သွားမှုကို ရှင်းလင်းပြသခဲ့သည်။ ပုံမှန်မဟုတ်ဘဲ ပြင်းထန်သော အမေရိကန်ဆန့်ကျင်ရေးလေသံဖြင့် အဘားစ်ကလည်း ဂျေရုစလင်အား ပါလက်စတိုင်း၏ မြို့တော်အဖြစ် အသိအမှတ်မပြုသေးသည့် အချိန်အထိ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေး သို့မဟုတ် တည်ငြိမ်မှု ရရှိနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

Ref ; AFP

Most Read

Most Recent