ဂါဇာမှဒုံးကျည်များဖြင့် တိုက်ခိုက်မှုပြီးနောက် အစ္စရေးက ဟားမားစ်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်

ဂါဇာမှဒုံးကျည်များဖြင့် တိုက်ခိုက်မှုပြီးနောက် အစ္စရေးက ဟားမားစ်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်
Published 15 December 2017

ဒီဇင်ဘာ ၁၃ ရက်က ဝက်စ်ဘင့်ရှိ ရာမာလာမြို့တွင် ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးလုံခြုံရေးအဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားနေစဉ် (Photo - AFP)

ဂါဇာမှ ဒုံးကျည်ပစ်ခတ်မှုများနှင့် ကြုံခဲ့ရပြီးနောက် နာရီအနည်းငယ်အကြာတွင် အစ္စရေးသည် ဒီဇင်ဘာ ၁၄ ရက်က ဂါဇာရှိ ဟားမားစ်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ဂါဇာနှင့် အစ္စရေးကြားရှိ နယ်စပ်စခန်းများကို လုံခြုံရေးအခြေအနေကြောင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

ဂါဇာရှိ ဟားမားစ်တို့ ထိန်းချုပ်ထားသော စစ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။ ယင်းစစ်စခန်းများသည် လေ့ကျင့်ရေးနှင့် လက်နက်ဂိုဒေါင်များအဖြစ် အသုံးပြုသည့်နေရာများဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ကြေညာချက်က ဆိုသည်။

အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ကျော်ရှိခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ဟားမားစ်ရေတပ်စခန်းတစ်ခု အပါအဝင် အခြားနေရာများ ပျက်စီးမှုရှိခဲ့ကြောင်း အနီးအနားရှိအိမ်များ အနည်းငယ်သာပျက်စီးခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ဂါဇာဘက်မှ ပစ်ခဲ့သော ဒုံးနှစ်စင်းကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် အစ္စရေး၏ တိုက်ခိုက်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဒုံးပစ်လွှတ်မှုများကို အစ္စလာမ္မစ်အုပ်စုများက ဆောင်ရွက်လေ့ရှိသော်လည်း ဂါဇာကို ထိန်းချုပ်ထားသည့် ဟားမားစ်တို့သည် ဂါဇာမှ မည်သည့်ပစ်ခတ်မှုအတွက်မဆို တာဝန်ရှိသည်ဟု အစ္စရေးက သတ်မှတ်ထားသည်။

ဂျေရုစလင်ကို အစ္စရေး၏မြို့တော်အဖြစ် အသိအမှတ်ပြုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့ပြီးနောက် ဂါဇာမှတိုက်ခိုက်မှုများ မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၆ ရက် နောက်ပိုင်း ဂါဇာမှ အစ္စရေးသို့ ပစ်ခတ်မှု ၁၂ ကြိမ်ရှိခဲ့ပြီး အစ္စရေးက ဂါဇာရှိ နေရာ ၁၀ ခု ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

မကြာသေးခင်က ယင်းတိုက်ခိုက်မှုများအတွင်း အစ္စရေးတွင် အသေအပျောက် မရှိခဲ့ပေ။ ၂၀၁၄ ခုနှစ် ဂါဇာစစ်ပွဲမတိုင်ခင်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ မြင့်တက်ခဲ့သော်လည်း မကြာသေးခင်က တိုက်ခိုက်မှုများသည် ကြီးမားခြင်းမရှိဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အာဘစ်ဒိုလစ်ဗာမန်းက ပြောကြားခဲ့သည်။ ဂါဇာမြောက်ပိုင်းမှ မလှမ်းမကမ်းတွင်ရှိသော အစ္စရေးမြို့ စဒါရော့သို့ သွားရောက်ခဲ့သည့် လစ်ဘာမန်းက ယင်းတိုက်ခိုက်မှုများသည် ပါလက်စတိုင်းအဖွဲ့များအကြား အာဏာလွန်ဆွဲပွဲကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

စဒါရော့တွင် မူကြိုကျောင်းတစ်ခုကို မကြာသေးခင်က ဗုံးထိမှန်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ “တူးမြောင်းတွေ တူး၊ ဒုံးတွေ ထုတ်၊ အစ္စရေးကို တိုက်ခိုက်နေတာထက် ဂါဇာရဲ့ စီးပွားရေးတိုးတက်အောင် ရင်းနှီးမြှုပ်နှံဖို့ သူတို့ခေါင်းဆောင်တွေကို ဂါဇာပြည်သူတွေက တွန်းအားပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု လစ်ဗာမန်းက ပြောကြားခဲ့သည်။ ဂျေရုစလင်ကို မြို့တော်အဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဂါဇာတွင်နေထိုင်သူ လေးဦးသေဆုံးခဲ့သည်။ ထို့ပြင် အစ္စရေး၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဟားမားစ်နှစ်ဦးသေဆုံးခဲ့ပြီး နယ်စပ်ပဋိပက္ခများတွင် နှစ်ဦးသေဆုံးခဲ့သည်။ ဂျေရုစလင်တွင် အစ္စရေးတစ်ဦး ဓားထိုးခံခဲ့ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။

Ref ; AFP

Most Read

Most Recent