နန်ကျင်းလူသတ်ပွဲ အနှစ် (၈၀) ပြည့်အခမ်းအနားကို တရုတ်တွင် ကျင်းပ

နန်ကျင်းလူသတ်ပွဲ အနှစ် (၈၀) ပြည့်အခမ်းအနားကို တရုတ်တွင် ကျင်းပ
Published 14 December 2017

ဒီဇင်ဘာ ၁၃ ရက်က နိုင်ငံအရှေ့ပိုင်းကျန်စုပြည်နယ်တွင် နန်ကျင်းလူသတ်ပွဲ ဝမ်းနည်းမှု အထိမ်းအမှတ်အတွက် ဥသြဆွဲနေစဉ် ရဲနှင့် ဒေသခံများ တစ်မိနစ်ကြာ ငြိမ်သက်နေကြစဉ် (Photo: AFP)

ဂျပန်တပ်ဖွဲ့ဝင်များ၏ နန်ကျင်းလူသတ်ပွဲ အနှစ် (၈၀) ပြည့်အခမ်းအနားကို တရုတ်က ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည်။ အင်အားကြီးနှစ်နိုင်ငံအကြား မျက်မှောက်ခေတ် ယှဉ်ပြိုင်မှုက သမိုင်းဆိုင်ရာ မလိုမုန်းထားမှုများကို မီးမောင်းထိုးပြနေချိန်တွင် ယင်းဖြစ်ရပ်သည် ဆက်လက်ရှည်ကြာနေသော ရန်လိုသည့်ဆက်ဆံရေး၏ ရင်းမြစ်တစ်ခုဖြစ်နေသည်။

နိုင်ငံအရှေ့ပိုင်းရှိ ယင်းမြို့တွင် ထိခိုက်ခံစားခဲ့ရသူများ၏ ရုပ်တုများကို ပြသထားသော အထိမ်းအမှတ်အဆောက်အအုံတွင် ပြုလုပ်ခဲ့သည့် ယင်းအောက်မေ့ဖွယ်အခမ်းအနားကို သမ္မတရှီကျင်ပင်းက ကြီးကြပ်ခဲ့ပြီး အလွန်အမင်း အေးစက်နေချိန်၌ အင်္ကျီတွင် ပန်းဖြူတစ်ပွင့်တပ်ထားကြသည့် အနက်ရောင် ဝတ်ထားသူများက တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားစတင်ချိန်တွင် ဥသြများဆွဲခဲ့ကြပြီး ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို ထိုးခဲ့ကာ ချိုးငှက်များအား လွှတ်ပေးခဲ့ကြသည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က ယင်းအချိန်က တရုတ်မြို့တော်ဖြစ်သည့် နန်ကျင်းကို ဂျပန်စစ်တပ်က ကျူးကျော်ခဲ့ပြီးနောက်  သီတင်းပတ်ခြောက်ပတ်အတွင်း ထိန်းမနိုင်သိမ်းမရ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ မီးရှို့မှုနှင့် လုယက်မှုများကြောင့် တရုတ်အရပ်သားနှင့် စစ်သား ၃၀၀၀၀၀ ခန့် သေဆုံးခဲ့ရကြောင်း တရုတ်က ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူအရေ အတွက်အား ဂျပန်က ခေါင်းမာစွာ ငြင်းဆန်မှုများနှင့် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းပင်မရှိဟု ဂျပန်ရှိ ရှေးရိုးစွဲများ၏ အခါအားလျော်စွာ ငြင်းဆန်မှုများကြောင့် အင်အားကြီးအိမ်နီးချင်း နှစ်နိုင်ငံအတွက် တင်းမာမှုအရှိဆုံး အထိမ်းအမှတ်တစ်ခုဖြစ်နေဆဲဖြစ်သည်။

အရပ်သားအများအပြားအား သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် အခြားလုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ဂျပန်က တရားဝင် ဝန်ခံခဲ့သော်လည်း သေဆုံးခဲ့သူအရေအတွက် အတိအကျကို ဆုံးဖြတ်ရန် ခက်ခဲကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းအကြောင်းအရာသည် စစ်အေးကာလတွင် မှေးမှိန်ခဲ့သော်လည်း သမ္မတရှီလက်ထက်၌ တရုတ်က အင်အားပြမှု ချဲ့ထွင်လာနေစဉ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ဝေဖန်သူများက ဂျပန် ပြုပြင်ပြောင်းလဲသူများသည်လည်း ကွန်ဆာဗေးတစ်          ခေါင်းဆောင် ရှင်ဇိုအာဘေးလက်ထက်တွင် ပိုမိုထင်ရှားလာခဲ့ကြောင်း ထောက်ပြခဲ့သည်။ ဂျပန်သည် ၁၉၃၀ ပြည့်လွန်နှစ်များတွင် တရုတ်အား ကျူးကျော်ခဲ့ပြီး ၁၉၃၇ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်တို့အကြား ကျယ်ပြန့်သော စစ်ပွဲ ဖြစ်ပွားခဲ့သည်။ နန်ကျင်းလူသတ်ပွဲအတွက် ပထမဆုံးနိုင်ငံလုံးဆိုင်ရာ အောက်မေ့ဖွယ်နေ့ကို ရှီက ၂၀၁၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

ရေပိုင်နက် အငြင်းပွားမှုကဲ့သို့သော ခေတ်သစ်အငြင်းပွားမှုများတွင် ဂျပန်အား ဖိအားတိုးမြှင့်ရန်အတွက် တရုတ်က ယင်းကဲ့သို့ အထိမ်းအမှတ်များကို ဆက်လက်ထိန်းသိမ်းထားရန် လိုလားနေကြောင်း ပီကင်းတက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာလေ့လာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်လျန်ယန်ရှန်း က ပြောကြားခဲ့သည်။ ဂျပန်က ယင်းသမိုင်း ဖြစ်ရပ်များသည် အဆုံးသတ်သင့်ကြောင်း ထင်မြင်နေသော်လည်း တရုတ်က ပို၍ အင်အားကြီးထွားလာချိန်တွင် ယင်းအထိမ်းအမှတ်များကို ဆက်လက်ထုတ်ဖော်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent