ထိုင်းတရားရုံးက ရွှေတြိဂံမှ ဝါရင့် မူးယစ်ဆေးမှောင်ခိုသမားတစ်ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်

ထိုင်းတရားရုံးက ရွှေတြိဂံမှ ဝါရင့် မူးယစ်ဆေးမှောင်ခိုသမားတစ်ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်
Published 14 December 2017

ဒီဇင်ဘာ ၁၃ ရက်က ဘန်ကောက်တရားရုံး၌ မူးယစ်မှောင်ခိုသမား Laota Seanlee (လယ်)အား တွေ့ရစဉ် (Photo: AFP)

နာမည်ဆိုးဖြင့် ကျော်ကြားသော အသက် ၇၆ နှစ်အရွယ် မူးယစ်ဆေးမှောင်ခိုသမားတစ်ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။
ထိုမှောင်ခိုသမားသည် ရွှေတြိဂံဒေသထဲတွင် ခရစ်စတယ်မက်သာဖက်တမင်း ကီလို ၂၀ ကိုရောင်းချရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကွန်မြူနစ်ဆန့်ကျင်ရေးသူပုန်ဘဝမှ မူးယစ်ဆေး မှောင်ခိုသမားဘဝသို့ ကူးပြောင်းလာသည့် Laota Seanlee သည် ၎င်း၏အမည်ဖြင့်ပင် ထိုင်းနိုင်ငံမြောက်ပိုင်းစွန်း၌ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ထားမှုကြောင့် ထင်ရှားသည်။

Laota သည် ယမန်နှစ်က ထိုင်းရဲများ၏ စစ်ဆင်ရေးတစ်ခုအတွင်း မိသားစုဝင်အချို့နှင့် အတူဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လီဆူးမျိုးနွယ်ဝင်ဖြစ်သော Laota သည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းက အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရဖူးသော်လည်း အာဏာပိုင်များသည် ယခုမတိုင်မီအထိ မူးယစ်ဆေးဆိုင်ရာ အမှုဖြင့် ကြီးကြီးမားမားဖြင့် ၎င်းအပေါ် စွဲချက်မတင်နိုင်ခဲ့ပေ။

ဒီဇင်ဘာ ၁၃ ရက်ကမှ Laota ကို ၎င်း၏ခြံဝင်းအတွင်း မူးယစ်ဆေးဝါး ကီလိုဂရမ်၂၀ အား ပိုင်ဆိုင်မှု၊ အသွင်ယူထားသော ရဲများကို ice များ ရောင်းချမှုဖြင့် ဘန်ကောက်ရှိ ရာဇဝတ်မှုတရားရုံးတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုစွဲချက်များကို Laota ကလည်း ဝန်ခံခဲ့ကြောင်း သိရသည်။

“တရားရုံးက ကီလိုဂရမ် ၂၀ ရှိတဲ့ ice တွေကို ရောင်းချရန်ကြိုးပမ်းမှု၊ လက်ဝယ်ပိုင်ဆိုင်မှုတို့နဲ့ သူ့ကို သေဒဏ်ချဖို့လုပ်ထားတာပါ။ ဒါပေမဲ့ သူဟာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့တဲ့အတွက် ပြစ်ဒဏ်လျှော့ပေါ့ပြီး ထောင်ဒဏ်တစ်သတ်နဲ့ ငွေဒဏ် ဘတ် ၂ ဒသမ ၅ သန်း (ဒေါ်လာ ၇၇၀၀၀) ချမှတ်လိုက်တာဖြစ်ပါတယ်8 ဟု တရားသူကြီးက ပြောကြားခဲ့သည်။

Laota ၏ဇနီးမှာမူ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရကာ မူးယစ်ဆေးရောင်းချမှုကို အဆင်ပြေစေရန် ကူညီမှုဖြင့် စွဲချက်တင်ခံထားရပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဟု ငြင်းဆိုခဲ့သော သားနှစ်ဦးမှာမူ သေဒဏ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်သည်မှာ အလွန်အမင်း ရှားပါးသည်။

Laota ၏သေဒဏ်ချမှတ်ခံရသော သား နှစ်ဦးအနက် တစ်ဦးမှာ ချင်းမိုင်ပြည်နယ်၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ထိုနှစ်ဦးစလုံးသည် အယူခံဝင်လိမ့်မည်ဟု Laota ၏ ရှေ့နေက ပြောကြားခဲ့သည်။
Laota အဖမ်းခံရစဉ်က မူးယစ်ဆေးလုပ်ငန်းတွင် ဉာဏ်များသူတစ်ဦးဖြစ်သည့် Laota သည် ယင်းကဲ့သို့ ချက်ချင်းကြီး အဖမ်းခံလိုက်ရသည့်အတွက် လူအများက အံ့အားသင့်ခဲ့ကြသည်။

Laota သည် ၂၀၁၁ ခုနှစ်က ဘန်ကောက်ပို့စ်နှင့် မေးမြန်းခန်း ပြုလုပ်စဉ်က ၎င်း၏ ထူးခြားသော ဘဝအကြောင်း အသေးစိတ်ကို ပြောပြခဲ့ဖူးသည်။

Laota သည် ကလေးစစ်သားတစ်ဦးအဖြစ် ကွန်မြူနစ်ဆန့်ကျင်ရေး ကူမင်တန်အဖွဲ့ထဲသို့ ဝင်ခဲ့ခြင်းဖြစ်ပြီး ရာထူးအဆင့်ဆင့် တက်ခဲ့ခြင်း ဖြစ်သည်။

Laota သည် အာရှ၏ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင် ဖြစ်သော မြန်မာအခြေစိုက် ခွန်ဆာနှင့် အဆက်အသွယ်ရှိသူဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရသူ ဖြစ်သည်။

Most Read

Most Recent