နယူးယောက် ဘတ်စ်ကားဂိတ်တွင် ဗုံးခွဲသမား၏ ဖောက်ခွဲမှုကြောင့် လူသုံးဦး ဒဏ်ရာရ

နယူးယောက် ဘတ်စ်ကားဂိတ်တွင် ဗုံးခွဲသမား၏ ဖောက်ခွဲမှုကြောင့် လူသုံးဦး ဒဏ်ရာရ
Published 12 December 2017

Photo: AFP

နယူးယောက်ရှိ ဘတ်စ်ကားဂိတ်တစ်ခု၏ စြင်္ကံတွင် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်း လူစည်ကားသောအချိန်၌ ပိုက်ဗုံးတစ်လုံးအား ခန္ဓာကိုယ်တွင် တပ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ဖောက်ခွဲခဲ့မှုကြောင့် ၎င်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခြားလူသုံးဦးသည် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

ယင်းဗုံးခွဲမှုသည် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် ကြိုးပမ်းမှုဟု နယူးယောက်မြို့တော်ဝန် ဘီဒီဘလာစီယိုက ပြောကြားခဲ့ပြီး ဗုံးခွဲသူသည် အသက် ၂၇ နှစ်ရှိ အကာယက်အူလာ ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။ ယင်းပေါက်ကွဲမှုသည် နယူးယောက်ရှိ ထင်ရှားသောTimes Square နှင့် မဝေးသော New York Port Authority ၏ ဘတ်စ်ကားဂိတ်တွင် လူအသွားအလာ အများဆုံးအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သွားလာနေသူများအား ထိတ်လန့်တကြား ဖြစ်စေကာ ခရီးသွားလာမှုများလည်း ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မြေအောက်ရထားများသည် Post Authority နှင့် Times Square တို့၏ ဘူတာရုံများကို ရှောင်လွဲှ၍ သွားခဲ့ကြသည်။ ပေါက်ကွဲမှုကြောင့် ၎င်း၏ကိုယ်တွင် မီးလောင်ကျွမ်းမှုနှင့် အခြားဒဏ်ရာများ ရရှိခဲ့သော ဗုံးခွဲသူအား ဆေးရုံသို့ပို့ခဲ့ပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုသည် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အောက်တိုဘာ ၃၁ ရက်တွင် စက်ဘီးလမ်းကြောင်း၌ ကားဖြင့်ဝင်တိုက်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များကြောင့် ထိတ်လန့်နေသော နယူးယောက်ကို ထပ်မံ လှုပ်ခတ်စေခဲ့သည်။ ယင်းသည် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း၊ ကံကောင်းစွာဖြင့် ထိုတိုက်ခိုက်သူသည် ၎င်း၏ရည်မှန်းချက် မပြည့်မီခဲ့ကြောင်း ဘီဒီဘလာစီယိုက ပြောကြားခဲ့သည်။

ဗုံးခွဲသူဟု သံသယရှိသူ၏ ဇာတိသည် ဘင်္ဂလားဒေ့ရှ်မှ ဖြစ်ကြောင်းနှင့် IS အဖွဲ့ကိုယ်စား လုပ်ဆောင်ခဲ့ဖွယ် ရှိကြောင်း နယူးယောက်ရဲချုပ်ဟောင်း ဘီဘရတ္တန်က MSNBC သို့ ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်အတွက် သမ္မတဒေါ်နယ်ထရန့်အား အကျဉ်းချုပ် အစီရင်ခံခဲ့ပြီးဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဟက်ကာဘီဆန်ဒါးစ်က Twitter တွင် ရေးသားခဲ့သည်။

နယူးယောက်မြို့သည် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နိုင်ခြေရှိသည့် ပစ်မှတ်တစ်ခုအဖြစ် အမြဲတစေ ရှိနေဆဲဖြစ်ပြီး အားလပ်ရက်များ မတိုင်မီ တပ်လှန့်မှုကို အမြင့်ဆုံးထားရှိခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာ ၃၁ ရက်တွင် ဥဇဘက်ကစ္စတန်မှ ရွှေ့ပြောင်းအခြေချ တစ်ဦးဖြစ်သူ ဆေဖူလိုဆိုင်ပေါ့သည် ငှားလာသော ထရပ်ကားတစ်စီးဖြင့် လူစည်ကားသော စက်ဘီးစီးသည့်လမ်းကြောင်းနှင့် လူသွားလမ်းတစ်လျှောက် ဝင်တိုက်ခဲ့မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၂ ဦး ဒဏ်ရာရခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် နယူးယောက်တွင် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း လူသေဆုံးမှုရှိသော ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

Most Read

Most Recent