အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီက ရာဟူးလ်ဂန္ဒီအား ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်

အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီက ရာဟူးလ်ဂန္ဒီအား ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်
Published 12 December 2017

(ဝဲမှယာ) အိန္ဒိယပထမဆုံးဝန်ကြီးချုပ် အင်ဒီယာဂျဝါဟာလာနေရူး၊ နေရူး၏သမီးအင်ဒီယာဂန္ဒီ၊ အိန္ဒိယ၏ ဆဋ္ဌမမြောက်ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၊ ရာဂျစ်၏ဇနီး ဆိုနီယာဂန္ဒီ၊ ရာဟူးလ်ဂန္ဒီ (Photo: AFP)

နှစ်နှင့်ချီ ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီးနောက် အိန္ဒိယအတိုက်အခံကွန်ဂရက်ပါတီသည် ရာဟူးလ်ဂန္ဒီအား ဒီဇင်ဘာ ၁၁ ရက်တွင် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ယင်းပါတီ၏ ခေါင်းဆောင်နေရာအား ၎င်း၏မိသားစုက မျိုးဆက်များစွာချုပ်ကိုင်ထားစဉ် အသက် ၄၇ နှစ်ရှိ ရာဟူးလ်ဂန္ဒီအား ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်မှုအား ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင်ခဲ့ကြောင်း ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော မူလက်ပယ်လီရာမာချန်ဒရန်က ပြောကြားခဲ့သည်။ ရှ်ရီရာဟူးလ်ဂန္ဒီအား အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌအဖြစ်ကြေညာကြောင်း ၎င်းက နယူးဒေလီရှိ ကွန်ဂရက်ပါတီရုံးချုပ်အပြင်ဘက်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းသည် သမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နေရူး-ဂန္ဒီနိုင်ငံရေးမျိုးဆက်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ရာဟူးလ်သည် ပါတီအား နှစ်ပေါင်း ၂၀ နီးပါးဦးဆောင်ခဲ့သည့် မိခင်ဖြစ်သူ အသက် ၇၁ နှစ်ရှိ ဆိုနီယာဂန္ဒီထံမှ ပါတီခေါင်းဆောင်နေရာကိုဆက်ခံမည်ဟု နှစ်ပေါင်းများစွာ ခန့်မှန်းပြောဆိုမှုများကို ယခုကြေညာချက်က အဆုံးသတ်ခဲ့သည်။

ရာဟူးလ်၏ ဖခင်ဖြစ်သူ၊ အဘွားဖြစ်သူနှင့် ဘေးဖြစ်သူတို့သည်လည်း ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးကြသည်။ ရာဟူးလ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့သောအထွေထွေရွေးကောက်ပွဲတွင် ပါတီကိုဦးဆောင်ခဲ့သည်။ ရာဟူးလ်သည် ဒီဇင်ဘာ ၁၆ ရက်တွင် ပါတီခေါင်းဆောင်တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်မပါသော မဲဆွယ်မှုများအတွက် ရာဟူးလ်သည် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသည်။ ယင်းရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီသည် အဆိုးရွားဆုံးအခြေအနေ ကြုံတွေ့ခဲ့ရပြီး လက်ရှိဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘရာသီယာဂျနသာပါတီအား အရေးနိမ့်ခဲ့သည်။ ယင်းနောက်ပိုင်း ကွန်ဂရက်ပါတီသည် ပြည်နယ်ရွေးကောက်ပွဲအများအပြားတွင်လည်း ရှုံးနိမ့်ခဲ့ပြီး ရာဟူးလ်သည်လည်း ဝေဖန်ခံခဲ့ရသည်။

Most Read

Most Recent