မြောက်ကိုရီးယား ခြိမ်းခြောက်မှုများကြောင့် တောင်ကိုရီးယား၏ လက်နက်တင်ပို့ရောင်းချမှုများ မြင့်တက်

မြောက်ကိုရီးယား ခြိမ်းခြောက်မှုများကြောင့် တောင်ကိုရီးယား၏ လက်နက်တင်ပို့ရောင်းချမှုများ မြင့်တက်
Published 12 December 2017

အောက်တိုဘာ ၁၆ ရက်က ဆိုးလ်အပြည်ပြည်ဆိုင်ရာ လေကြောင်းအာကာသနှင့် ကာကွယ်ရေးပြပွဲ၌ ပြသထားသောလက်နက်များ (Photo: AFP)

အိမ်နီးချင်းမြောက်ကိုရီးယား၏ အဆက်မပြတ် ဒုံးစမ်းသပ်မှုများနှင့် နျူကလီးယားခြိမ်းခြောက်မှုများကြောင့် တောင်ကိုရီးယားသည် ၎င်း၏လက်နက်ရောင်းချမှုများအား အရှိန်မြှင့်တင်နေပြီး လက်နက်အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာရန်လည်း ရည်မှန်းနေကြောင်း စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) က ဒီဇင်ဘာ ၁၁ ရက်တွင်ထုတ်ပြန်ခဲ့သည့် လေ့လာမှု၌ဖော်ပြခဲ့သည်။

တောင်ကိုရီးယားလက်နက်ကုမ္ပဏီများ၏ ရောင်းချမှုများသည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိပ်တန်းရောင်းချမှုကုမ္ပဏီ ၁၀၀ စာရင်းတွင် ၂ ဒသမ ၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ကမ္ဘာ့ထိပ်တန်း လက်နက်ရောင်းချမှုကုမ္ပဏီ ၁၀၀ စာရင်း၌ဖော်ပြခဲ့သည်။ တောင်ကိုရီးယားလက်နက်ကုမ္ပဏီများ၏ စုစုပေါင်းရောင်းချမှုသည် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၈ ဒသမ ၄ ဘီလျံရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၂၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း SIPRI ကဆိုသည်။

စစ်ပွဲကြောင့်ပျက်စီးခဲ့ပြီး လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ဆောင်ခဲ့ရသည့် ခေတ်နောက်ကျသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးသော တောင်ကိုရီးယားသည် အမေရိကန်ထံမှ အများစုဖြစ်သော စစ်လက်နက်များနှင့် နည်းပညာများအား ဆယ်စုနှစ်နှင့်ချီ အများဆုံးတင်သွင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ၎င်း၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုကဏ္ဍသည် အလွန်အမင်းမြင့်တက်ခဲ့သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများရင်ဆိုင်နေရစဉ် တောင်ကိုရီးယားက ကာကွယ်ရေးအတွက် အသုံးစရိတ်သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကပဋိပက္ခဇုန်များ၏ ပြင်ပ၌ ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်အများဆုံးနိုင်ငံများထဲတွင် ပါဝင်ခဲ့ကြောင်း SIPRI ၏စာရင်း၌ ဖော်ပြခဲ့သည်။

တောင်ကိုရီးယား လက်နက်တင်ပို့မှုများသည် ၂၀၀၆ ခုနှစ်တွင် ဒေါ်လာ ၂၅၃ သန်းသာရှိခဲ့ရာမှ ၁၀ နှစ်အကြာတွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံအထိ မြင့်တက်ခဲ့ပြီး ၎င်း၏ဒုံးများ၊ ဟောင်ဝဇ္ဇာများ၊ ရေငုပ်သင်္ဘောများနှင့် စစ်လေယာဉ်များသည် အထူးသဖြင့် အရှေ့တောင်အာရှ၊ အရှေ့ဥရောပနှင့် တောင်အမေရိတို့တွင် လူကြိုက်များသည်။ တောင်ကိုရီးယားလက်နက်ကုမ္ပဏီ ခုနစ်ခုသည် SIPRI ၏ ထိပ်တန်းလက်နက်ကုမ္ပဏီ ၁၀၀ စာရင်းတွင်ပါဝင်ခဲ့သည်။ ယင်းကုမ္ပဏီများအနက် အမေရိကန်၏ လော့ဟိမာတင်နှင့်တွဲဖက်၍ အသံထက်မြန်သော လေ့ကျင့်ရေးလေယာဉ် T-50 Golden Eagle အားတည်ဆောက်ခဲ့သည့် လုပ်ငန်းစုကော်ပိုရေးရှင်း ကိုရီးယားလေကြောင်းအာရှစက်မှုလုပ်ငန်းများ (KAI) က အဆင့် ၄၈ ၌ ရပ်တည်ခဲ့သည်။ ယင်းထိပ်တန်းကုမ္ပဏီ ၁၀၀ ၏ စုစုပေါင်းရောင်းချရမှုသည် ပြီးခဲ့သောနှစ်တွင် ဒေါ်လာ ၃၇၄ ဒသမ ၈ ဘီလျံရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ငါးနှစ်ဆက်တိုက်ကျဆင်းခဲ့ရာမှ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်လက်နက်ကုမ္ပဏီများ၏ စုစုပေါင်းရောင်းချရမှုသည် ၅၇ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဗြိတိန်က ၉ ဒသမ ၆ ရာခိုင်နှုန်း၊ ရုရှားက ၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ပြင်သစ်က ၅ ဒသမ ၀ ရာခိုင်နှုန်းဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။ အမေရိကန်ကုမ္ပဏီများ၏ လက်နက်ရောင်းချရမှု စုစုပေါင်းသည် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၂၁၇ ဒသမ ၂ ဘီလျံဖြင့် ပြီးခဲ့သောနှစ်ကထက် လေးရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Most Read

Most Recent