ဥရောပမြောက်ပိုင်း၌ ဆီးနှင်းများထူထပ်စွာကျမှုကြောင့် သယ်ယူပို့ဆောင်ရေးများ ဝရုန်းသုန်းကား ဖြစ်ပေါ်ခဲ့

ဥရောပမြောက်ပိုင်း၌ ဆီးနှင်းများထူထပ်စွာကျမှုကြောင့် သယ်ယူပို့ဆောင်ရေးများ ဝရုန်းသုန်းကား ဖြစ်ပေါ်ခဲ့
Published 12 December 2017

ဒီဇင်ဘာ ၁၀ ရက်က ဂျာမနီအနောက်ပိုင်း ဒူဆယ်ဒေါ်လေဆိပ်တွင် ဆီးနှင်းများကျဆင်းနေမှုအား တွေ့ရစဉ် (Photo: AFP)

ဗြိတိန်တွင် လေးနှစ်အတွင်း ဆီးနှင်းများ အသည်းထန်ဆုံးကျဆင်းနေသောကြောင့် ဒီဇင်ဘာ ၁၀ ရက်က ခရီးသွားလာမှုကဏ္ဍတွင် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ ဂျာမနီ၏ လူစည်ကားဆုံးလေဆိပ်၌ လေကြောင်းခရီးစဉ်ပေါင်း ၃၀၀ ကျော်ကိုဖျက်သိမ်းခဲ့ရပြီး ပြင်သစ်ဆိပ်ကမ်းခိုင်လေ၌လည်း ကူးတို့သင်္ဘောတစ်စင်း သောင်တင်ခဲ့သည်။

ဂျာမနီ၏ဘဏ္ဍာရေးမြို့တော် ဖရန့်ဖတ်နှင့် ဗြိတိန်တို့တွင် လေကြောင်းဖြင့် ခရီးသွားမည့်သူရာနှင့်ချီ သောင်တင်ခဲ့ကြပြီး အများအပြားမှာ Twitter ပေါ်သို့တက်၍ မကျေမနပ်ညည်းညူသည့်အကြောင်းများ ရေးသားခဲ့ကြသည်။ ဖရန့်ဖတ်မြို့ဝန်းကျင်တွင် အပူချိန်သည် သုညဒီဂရီအောက် ကျဆင်းနေပြီး ဆီးနှင်းများ သည်းထန်စွာကျဆင်းမှုကြောင့် ဒေသစံတော်ချိန် ညနေငါးနာရီမှစ၍ လေယာဉ်ခရီးစဉ် ၃၃၀ ကိုဖျက်သိမ်းလိုက်ရကြောင်း လေဆိပ်အော်ပရေတာမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ဂျာမနီ၏ လူအစည်ကားဆုံး ဖရန့်ဖတ်လေဆိပ်သည် နေ့စဉ်ခရီးစဉ် ၁၂၆၀ ခန့်ကို ပြေးဆွဲနေရသော အဓိကလေကြောင်းလိုင်း Lufthansa ၏ အခြေစိုက်ရာ လေဆိပ်လည်းဖြစ်သည်။ ဒူဆယ်ဒေါ်လေဆိပ်မှာလည်း မွန်းလွဲပိုင်းအချိန်က လေးနာရီကြာပိတ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအနောက်ပိုင်းရှိ နော့ရိုင်ဝက်စ်ဖဲလီယား ပြည်နယ်တစ်ဝန်းတွင် ရထားခရီးစဉ်များနှောင့်နှေးခြင်း၊ လမ်းကြောင်းပြောင်းရခြင်း၊ ဖျက်သိမ်းရခြင်းတို့ဖြစ်ခဲ့သည်။

ဗြိတိန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာမင်ဂန်၏လေဆိပ်တွင်မူ ဝန်ထမ်းများသည် ထူထပ်စွာကျဆင်းနေသောဆီးနှင်းများကြောင့် ပြေးလမ်းအားရှင်းလင်းနေရစဉ် လေကြောင်းခရီးစဉ်များမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတစ်ခုလုံး ဆိုင်းငံ့ထားခဲ့ရသည်။ ဘာမင်ဂန်လေဆိပ်၌ ဒီဇင်ဘာရက်များအတွင်း တစ်နေ့လျှင် လေယာဉ်ခရီးစဉ် ၂၀၀ နှင့်ခရီးသည် ၃၀၀၀၀ ဝန်းကျင် အဝင်အထွက်ရှိကြောင်း သိရသည်။

ထို့အတူ လန်ဒန်ရှိ လူတန်လေဆိပ်တွင်လည်း လေယာဉ်ပြေးလမ်းကို နှစ်နာရီကြာပိတ်ထားခဲ့ရသဖြင့် စိတ်ပျက်နေသည့် ခရီးသည်တစ်ဦးကမူ လေဆိပ်သည် စစ်ပွဲဇုန်တစ်ခုနှင့်ပင်တူနေသည်ဟု ပြောကြားသွားခဲ့သည်။

ရာသီဥတုဒဏ်ကို အဆိုးရွာဆုံးခံနေရသည့် ဝေလနှင့် အင်္ဂလန်အလယ်ပိုင်းတို့၌ ယာဉ်မောင်းများကို မဖြစ်မနေကိစ္စမရှိဘဲ အပြင်မထွက်ကြရန် ရဲတပ်ဖွဲ့ကဆော်သြနေကြရသည်။ ယခုမတိုင်မီ ၂၀၁၃ ခုနှစ် မတ်လနှင့် ၂၀၁၀ ပြည့်နှစ်ဆောင်းကာလအတွင်းက ဗြိတိန်နိုင်ငံအနှံ့အပြား၌ အလားတူနှင်းများ သည်းထန်စွာကျဆင်းခဲ့ဖူးသည်။

Most Read

Most Recent