ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ‘စူပါပူတင်’အဖြစ် မြင်တွေ့ရမည့်ပြပွဲသစ် မော်စကိုတွင် ဖွင့်လှစ်

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ‘စူပါပူတင်’အဖြစ် မြင်တွေ့ရမည့်ပြပွဲသစ် မော်စကိုတွင် ဖွင့်လှစ်
Published 11 December 2017

ဒီဇင်ဘာ ၆ ရက်က မော်စကိုရှိ UMAM ပြတိုက်တွင် ပူတင်၏ ပန်းချီကားများအား ပြသထားစဉ် (Photo: AFP)

ကြွက်သားများနှင့် စူပါမင်းမှသည် ရေခဲပြင်ဟော်ကီကစားသမား နှင့် တိုက်လေယာဉ်မှူးအထိ သူရဲကောင်းပုံစံအမျိုးမျိုးဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရေးဆွဲထားသော ပန်းချီကားများအား မော်စကိုတွင် ပြီးခဲ့သည့်သီတင်းပတ်၌ ခင်းကျင်းပြခဲ့သည်။

ပူတင်သည် ရုရှားသမ္မတအဖြစ် စတုတ္ထသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေချိန်၌ ‘စူပါပူတင်’ဟု တင်စားရမည့် ပန်းချီပြပွဲသစ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ မော်စကိုမြို့လယ်ရှိ စက်ရုံ ဟောင်းတစ်ခုတွင် ဖွင့်လှစ်ထားသော အနုပညာစင်တာ၌ ခင်းကျင်းပြသခဲ့သည့် ယင်းပန်းချီပြပွဲတွင် အနုပညာရှင်အများအပြားက ပူတင်၏ ပုံတူအမျိုးမျိုးကို ရေးဆွဲထားကြသည်။

‘‘ပန်းချီကားတိုင်းမှာ သမ္မတ ရဲ့ အရည်အသွေးတွေ၊ အရည်အချင်းတွေကို ဖော်ထုတ်ထားပါတယ်’’ ဟု ပူတင်လိုလားသူ အသက် ၂၂ နှစ်အရွယ် ယူလီယာဒယူဇီဘာက ပြောကြားခဲ့သည်။

ထိုပြပွဲ၌ ပူတင်ကို ပုံဖော်ဖန်တီးထားသည့်  အာခန်ဂလက်ပန်းချီ နှင့် ပန်းပု ၃၀ ကို ခင်းကျင်းပြသထားသည်။ မြို့တော်ဝန်ဟောင်း အလက်ဇဒါးဒွန်စကွိုင်းက တည်ထောင်ခဲ့သည့် Ultra- Modern Art ပြတိုက် ၌ စူပါပူတင်ပြပွဲကို ဇန်နဝါရီအထိ ကျင်းပမည်ဖြစ်သည်။

ပူတင်ကို စူပါဟီးရိုးအဖြစ် ပုံဖော်ထားသည့် လက်ရာအများအပြား ပါဝင်သော ပြပွဲကို မော်စကိုမြို့ အပြင် ဘာလင်နှင့် လန်ဒန်မြို့တို့ တွင်လည်း ကျင်းပရန် စီစဉ်ထားကြောင်း ပြပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

‘‘သူက ပထမဆုံးသော စူပါသမ္မတနဲ့ စူပါခေါင်းဆောင်တစ်ဦးပါ’’ဟု ပြပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဒယူဇီဘာက ပြောကြားခဲ့သည်။

ပူတင်သည် အားကစားကိုလိုက်စားကြောင်း ဂီတကို ချစ်မြတ်နိုးပြီး တိရစ္ဆာန်များကို ကာကွယ်သူ ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။ ပူတင်သည် လူတိုင်းကို လေးစားပြီး သူ့တွင် မဟာမိတ်များနှင့် မိတ်ဆွေများသာရှိကြောင်း ဒယူဇီဘာက ပြောကြားခဲ့သည်။

ပူတင်သည် ၂၀၁၈ ခုနှစ်မတ် လရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှုကို ပူတင်က တရားဝင် ထုတ်ဖော်ပြောကြားသည့် ဒီဇင်ဘာ ၆ ရက်တွင် စူပါပူတင်ပြပွဲကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရဖွယ်ရှိသော ပူတင်သည် သူ၏ အုပ်ချုပ်မှုကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းဆက်နိုင်ပြီး ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက်စတာလင်နောက်ပိုင်း ရုရှား၏ သက်တမ်း အရှည်ဆုံးခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။ ပူတင်ကို လူထုထောက်ခံမှုနှုန်းသည် ၈၃ ရာခိုင်နှုန်းရှိကြောင်း Levada စင်တာက စက်တင်ဘာလတွင်ထုတ်ပြန်သော စစ်တမ်းတစ်ခု၌ ဖော်ပြခဲ့သည်။

အထက်လွှာများကြား ခြစားမှု စွပ်စွဲချက်များကို ကန့်ကွက်ရန် ရုရှားလူငယ်ထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီးနောက် အသက် ၆၅ နှစ်အရွယ် ပူတင်သည် ရုရှားလူငယ်များကို စည်းရုံးရန် ကြိုးပမ်းနေသည်။

၂၀၀၀ ပြည့်နှစ်က အာဏာရလာခဲ့သော ပူတင်သည် နီဇနီနော့ ဂိုရော့ရှိ GAZ ကားစက်ရုံ ၈၅ နှစ် ပြည့်အထိမ်းအမှတ်၌ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်အကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

မြို့တော်၏အပြင်ဘက်ရှိစက်ရုံတွင် ကြေညာခဲ့ခြင်းဖြင့် သာမန်ရုရှားပြည်သူတို့နှင့် အနီးကပ်ရှိနေကြောင်း ပူတင်က ပြသလိုခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

‘‘ပူတင်က သူဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သူ့ကိုယ်သူ အမွှမ်းတင်လိုပါတယ်။ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ နောက်ဆုံးအကြိမ် ကြေညာခဲ့တုန်းကလည်း ယူရယ်က စက်ရုံတစ်ခုမှာ ကြေညာခဲ့တာပါ’’ဟု ပူတင်၏ မိန့်ခွန်းရေးသူဟောင်းဖြစ်သော အာဘတ်ဂါလျာမော့က ပြောကြားခဲ့သည်။

 

Most Read

Most Recent