ဂျေရုစလင်ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်နှင့်တွေ့ဆုံရန် အာရပ်ခေါင်းဆောင်များက ငြင်းပယ်ခဲ့ကြ

ဂျေရုစလင်ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်နှင့်တွေ့ဆုံရန် အာရပ်ခေါင်းဆောင်များက ငြင်းပယ်ခဲ့ကြ
Published 11 December 2017

အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်နှင့်တွေ့ဆုံရန် ငြင်းပယ်ခဲ့သည့် အီဂျစ်မှ ကော့ပ်တစ်ခရစ်ယာန် ပုပ်ရဟန်းမင်းကြီး Tawadro II ကို ဇွန် ၉ ရက်က ကိုင်ရို၌ တွေ့ရစဉ် (Photo: AFP)

ဂျေရုစလင်နှင့်ပတ်သက်ပြီး အမေရိကန်၏ မူဝါဒပြောင်းလဲမှုအပေါ် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်ရန် ပါလက်စတိုင်းများကို ဖာတာအုပ်စုက ဆော်သြခဲ့ပြီး ဖာတာ ခေါင်းဆောင်ဖြစ်သည့် ပါလက်စတိုင်းသမ္မတ မာမွတ်အဘားကလည်း ဆန္ဒပြသည့်အနေ နှင့် ယခုလနှောင်းပိုင်း၌ အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် မတွေ့ဆုံဟု ထုတ်ပြန်ထားသည်။

ဝက်စ်ဘန့်တွင် အစ္စရေးစစ်တပ်ရှိနေသည့် နေရာများအားလုံး၌ ထိပ်တိုက်တွေ့မှုများကို ပိုမိုတိုးချဲ့ပြီး  ဆက်လက်လုပ်ဆောင်သွားကြရန် ဖာတာအုပ်စု၏ ထုတ်ပြန်ချက်ထဲ ၌ ဖော်ပြခဲ့သည်။ ဖာတာခေါင်းဆောင်ဖြစ်သူ ပါလက်စတိုင်းသမ္မတ မာမွတ်အဘားမှာလည်း ယခုလနှောင်းပိုင်းတွင် ဒေသတွင်းသို့ လာရောက်မည့် ဒုသမ္မတပင့်စ်နှင့် တွေ့ဆုံရန် ငြင်းပယ်လိုက်သည့်  သြဇာလွှမ်းမိုးမှုရှိသော နောက်ဆုံး အာရပ်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

“အမေရိကန်ဒုသမ္မတနဲ့ ပါလက်စတိုင်း ဒေသထဲမှ ဘယ်လိုတွေ့ဆုံမှုမှ ရှိလာမှာ မဟုတ်ပါဘူး” ဟု အဘား၏ သံတမန်ရေးရာ အကြံပေး မာချ်ဒီအယ်ခါဒီက အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။

“အမေရိကန်ဟာ ဂျေရုစလင်ဆုံးဖြတ်ချက်နဲ့အတူ နောက်ဆုံးသတ်မှတ်မျဉ်းတွေအားလုံးကို ချိုးဖောက်မိသွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံမှ ကော့ပ်တစ်ပုပ်ရဟန်းမင်းကြီး Tawadro II ကလည်း ထရန့်၏ကြေညာချက်သည် အာရပ်သန်းပေါင်းများစွာ၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဟုဆိုကာ ပင့်စ်နှင့်တွေ့ဆုံမည်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ထို့အတူ အီဂျစ်၏ ထိပ်တန်းဆွန်နီမွတ်စလင် အဖွဲ့အစည်းဖြစ်သော အယ်အက်ဇ်ဟာ၏ အကြီးအကဲ အာမယ်အယ်တေယက်ကလည်း ပင့်စ်နှင့်တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။

ဝက်စ်ဘန့်နှင့် ဂါဇာဒေသတို့တွင်မူ ဆန္ဒပြပွဲများ ကြီးစိုးနေသည်မှာ သုံးရက်ဆက်တိုက် ရှိပြီဖြစ်သည်။ ထိုစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဒီဇင်ဘာ ၁၀ ရက်၌ ပါရီသို့ ရောက်ရှိမည်ဖြစ်သည်။ ပါရီတွင် နေတန်ယာဟု မရောက်မီကတည်းက ဆန္ဒပြလူထုစုဝေးမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်နှောင်းပိုင်းက အာရပ်အဖွဲ့အစည်းမှ ဝန်ကြီးများသည် ကိုင်ရိုတွင် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး အမေရိကန်ကို ဂျေရုဆလင်ဆုံးဖြတ်ချက်အား ပယ်ချရန် တိုက်တွန်းခဲ့ကြသည်။ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ်  အသိအမှတ်ပြုကြောင်း မူဝါဒသစ်အား သမ္မတထရန့်က ကြေညာခဲ့သည့် ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း သေဆုံးခဲ့သည့် ပါလက်စတိုင်း လေးဦးရှိပြီဖြစ်ကာ ဒါဇင်နှင့်ချီ ဒဏ်ရာရသွားခဲ့သည်။

 

■ ပဋိပက္ခအသစ်များဖြစ်ပေါ်

ဝက်စ်ဘန့်ဒေသထဲတွင် ပါလက်စတိုင်း ဆန္ဒပြသူများက ခဲများဖြင့်ပေါက်ကာ အစ္စရေးတပ်ဖွဲ့များက မျက်ရည်ယိုဓာတ်ငွေ့များ၊ ရော်ဘာကျည်များ၊ ကျည်အစစ်များဖြင့် ပြန်လည်နှိမ်နင်းမှုများ ဖြစ်ပေါ်နေစဉ် ဒီဇင်ဘာ ၉ ရက်က ပဋိပက္ခသစ်များ ထပ်မံဖြစ်ပေါ်ခဲ့သည်။ ဂါဇာကမ်းမြှောင်တွင် အစ္စရေးတို့၏ လက်တုံ့ပြန် လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် ဟားမား လက်နက်ကိုင်နှစ်ဦး သေဆုံးခဲ့ရသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်ထဲတွင် ဝက်စ်ဘန့်နှင့် ဂါဇာတို့ရှိ နေရာပေါင်း ၂၀ ခန့်တွင် အကြမ်းဖက်အဓိကရုဏ်းများ ဖြစ်ပေါ်နေပြီး ပါလက်စတိုင်းသုံးဦး အနည်းငယ် ဒဏ်ရာရသွားသည်ဟု ဖော်ပြခဲ့သည်။ ပါလက်စတိုင်း လခြမ်းနီအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင်မူ ဝက်စ်ဘန့်တွင် ဒဏ်ရာရသူ ၁၇၁ ဦးနှင့် ဂါဇာတွင် ၆၀ ဦးရှိကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent