အီရတ်တွင် IS စစ်ပွဲ နိဂုံးချုပ်ခဲ့ပြီဟု အီရတ် ဝန်ကြီးချုပ် ကြေညာ

အီရတ်တွင် IS စစ်ပွဲ နိဂုံးချုပ်ခဲ့ပြီဟု အီရတ် ဝန်ကြီးချုပ် ကြေညာ
Published 10 December 2017

အီရတ်တွင် အစ္စလာမ္မစ်ဂျီဟတ် IS တို့ကို မောင်းထုတ်ရန် ဆင်နွှဲခဲ့သော အီရတ်၏ သုံးနှစ်ကြာ စစ်ပွဲသည် အောင်ပွဲနှင့် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဟိုင်ဒါအယ်အဘာဒီက ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

“အီရတ်-ဆီးရီးယား နယ်စပ်ကို ကျွန်တော်တို့ တပ်ဖွဲ့တွေက အပြည့်အ၀ ထိန်းချုပ်ထားပါပြီ။ IS တွေကို နှိမ်နင်းတဲ့ ဒီစစ်ပွဲဟာ နိဂုံးချုပ်ခဲ့ပြီကို ကျွန်တော် ကြေညာပါတယ်။” ဟု အဘာဒီက ဘဂ္ဂဒက်တွင် သတင်းစာ ရှင်းလင်ပွဲ၌ ပြောကြားခဲ့သည်။

IS တို့သည် ၂၀၁၄ ခုနှစ်တွင် ရုတ်ချည်းထိုးစစ်ဆင်ခဲ့ပြီး ဘဂ္ဂဒက် အနောက်ဘက် နှင့် မြောက်ဘက် နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ ထိုအချိန်က အီရတ် စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် ကစဉ့်ကလျား တပ်ဆုတ်နေရပြီး အီရတ်၏ ရှီအိုက် ဘာသာရေးခေါင်းဆောင် အယာတိုလာအလီစီစတန်နီက စစ်စည်းရုံးရန် ဆော်သြခဲ့မှုကြောင့် ဟာရှက်အယ်ရှာဘီ ပြည့်သူ့စစ် ဖွဲ့စည်း ပေါ်ပေါက်ခဲ့သည်။

အမေရိကန် ဦးဆောင်သော မဟာမိတ်တို့က လေကြောင်း စစ်ကူပေးမှုနှင့်အတူ အီရတ်တို့က ပြန်လည် ထိုးစစ်ဆင်မှုကြောင့် ဂျီဟတ်တို့လက်မှ တစ်မြို့ပြီးတစ်မြို့ ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

အီရတ်၏ အနီးကပ် မဟာမိတ် အီရန်က IS တို့ကို အောင်ပွဲဆင်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။ IS တို့သည် ယခုအခါ နယ်မြေအနည်းစုကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။

“၂၀၁၄ ခုနှစ်က ဆီးရီးယား နယ်မြေအများစုနှင့် အီရတ်၏ နယ်မြေ သုံးပုံ တစ်ပုံနီးပါးကို ထိန်းချုပ်ထားခဲ့သော IS တို့၏ နယ်မြေသည် အီတလီနိုင်ငံ၏ အရွယ်အစားခန့်ထိ ကြီးမားခဲ့ပြီး ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် လူ ၇ သန်းနီးပါးခန့် ရှိခဲ့သည်။

Most Read

Most Recent