အာဆီယံလုံခြုံရေးဖိုရမ်၌ တောင်တရုတ်ပင်လယ်အရေး၊ မြောက်ကိုရီးယားအရေးတို့ဖြင့် တင်းမာ

အာဆီယံလုံခြုံရေးဖိုရမ်၌ တောင်တရုတ်ပင်လယ်အရေး၊ မြောက်ကိုရီးယားအရေးတို့ဖြင့် တင်းမာ
Published 5 August 2017

သြဂုတ် ၅ ရက်က မနီလာရှိ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ အကြိမ် ၅၀ မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကျင်းပနေစဉ် (Photo: AFP)

အာဆီယံလုံခြုံရေးဖိုရမ်ကို သြဂုတ် ၅ ရက်တွင် စတင်ခဲ့ရာ ဗီယက်နမ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နယ်ချဲ့မှုကို ပိုမိုအားကောင်းစွာ ဆန့်ကျင်ရပ်တည်ကြရန် အခြား အရှေ့တောင်အာရှနိုင်ငံများအား  တောင်းဆိုလိုက်ပြီး မြောက်ကိုရီးယားနိုင်ငံသည်လည်း သူ၏ နျူကလီးယားအစီအစဉ်အတွက် ပြင်းထန်စွာ ဝေဖန်မှုများအောက် ကျရောက်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၌ ပါဝင်သော ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည်အစည်းအဝေး မစတင်မီ ဗီယက်နမ်က စီစဉ်ထားသည့် ပူးတွဲထုတ်ပြန်ချက်၌ ပြောင်းလဲပြင်ဆင်စရာများကို ညွှန်ပြသည့် မူကြမ်းတစ်စောင်နှင့်အတူ တရုတ်အား ရဲတင်းစွာ ဆန့်ကျင်ပြခဲ့သည်။

တရုတ်၊ အမေရိကန်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့မှ နိုင်ငံခြားရေးဝန်ကြီးများက  အာဆီယံနိုင်ငံများနှင့် အခြား အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ  နှင့် သြဂုတ် ၆ ရက်မှစ၍ လုံခြုံရေးဆွေးနွေးပွဲတွင် ပူးပေါင်း ပါဝင်မည်ဖြစ်သောကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သံတမန်ရေးရာကိစ္စနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးကြရလိမ့်မည်ဟု မျှော်လင့်ထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယခု သီတင်းပတ်အကုန်တွင် မြောက်ကိုရီးယား နိုင်ငံအား ဒုံးကျည်နှင့်  နျူကလီးယားစမ်းသပ်မှုများအတွက် အပြစ်ပေးသည့်အနေဖြင့် ပိုမို တင်းကျပ်သော ပိတ်ဆို့မှုများပြုလုပ်ရန် အမေရိကန်က မူကြမ်းတင်သွင်းသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မဲခွဲရန်ရှိစဉ် ယခု  ဆွေးနွေးပွဲများကို ကျင်းပခြင်းဖြစ်သည်။

အမေရိကန်က မနီလာမြို့၌ ပြုလုပ်သော အာဆီယံဒေသတွင်းဖိုရမ်၌ မြောက်ကိုရီးယားအပေါ် တစ်ညီတစ်ညွတ်တည်း ဖိအားပေးကြရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အလန်ပီတာကာယီတာနိုက မြောက်ကိုရီးယား အစိုးရအနေဖြင့် ပြင်းထန်သော မက်ဆေ့ချ်ကို ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

သို့သော် အာရှတိုက်၏ ပေါက်ကွဲလွယ်သော အခြားထိပ်တန်းအကြောင်းအရာတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တရုတ်ကို ဖျောင်းဖျရန် ဖိလစ်ပိုင်၏ အားထုတ်မှုများအား ဗီယက်နမ်က တွန်းလှန်နေခြင်းနှင့်အတူ အများသဘောတူမှုကို ရနိုင်ခြေ အလွန်နည်းပါးနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

သြဂုတ် ၄ ရက် ညတွင် ဗီယက်နမ်က  အာဆီယံထုတ်ပြန်ချက်တစ်ရပ်၌ တရုတ်ကို ဆန့်ကျင်သည့် တင်းမာသော စာသားကို ထည့်သွင်းရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို အရှေ့တောင်အာရှဝန်ကြီးများ သြဂုတ် ၅ ရက်၌ ဆွေးနွေးကြပြီးနောက်  ထုတ်ပြန်ရန် စီစဉ်ထားသည်။

မကြာသေးမီနှစ်များအတွင်း အငြင်းပွားနေသည့် ရေပြင်၌ တရုတ်က ကျွန်းတုများ တည်ဆောက်နေမှုကို ရည်ညွှန်းလျက် အာဆီယံအနေဖြင့် ယင်းတည်ဆောက်မှုများကို အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြသရန် ဗီယက်နမ်က တိုက်တွန်းနေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ရရှိသော ထုတ်ပြန်ချက် မူကြမ်းမိတ္တူအရ သိရသည်။

တရုတ်က ငြင်းဆိုထားပြီးဖြစ်သည့် ပင်လယ်ပြင်နှင့်ပတ်သက်သော ကျင့်ဝတ်စည်းကမ်းများဖြင့် တရုတ်နိုင်ငံအား ဥပဒေအရ ချည်နှောင်ရန် စီစဉ်ထားမှုကိုလည်း ထုတ်ပြန်ချက်၌ အခိုင်အမာ ထည့်သွင်းရန်  အာဆီယံအား ဗီယက်နမ်က လိုလားနေသည်။

သြဂုတ် ၄ ရက်ညတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ စီစဉ်ထားမှုမရှိဘဲ တရားမဝင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဗီယက်နမ်၏ တိုက်တွန်းမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“ဆွေးနွေးမှုတွေက တကယ်ကို ပြင်းထန်ပါတယ်။ တောင်တရုတ် ပင်လယ်ကိစ္စ နဲ့ ပတ်သက်ပြီး ပိုပြင်းထန်တဲ့ စာသားထည့်သွင်းဖို့ ဗီယက်နမ်က သဘောထားရှိနေပါတယ်။ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်တို့က ဒါကို ထည့်သွင်းဖို့ စိတ်မပါပါဘူး” ဟု သံတမန် တစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent