ကုလသမဂ္ဂနှင့် ရှားရှားပါးပါးဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားက တင်းမာမှုတို့နှင့်ပတ်သက်၍ အမေရိကန်ကို အပြစ်တင်

ကုလသမဂ္ဂနှင့် ရှားရှားပါးပါးဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားက တင်းမာမှုတို့နှင့်ပတ်သက်၍ အမေရိကန်ကို အပြစ်တင်
Published 10 December 2017

ဒီဇင်ဘာ ၆ ရက်က ပြုံယမ်းတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လက်ထောက်တို့ ဆွေးနွေးမှုအား ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

မြောက်ကိုရီးယားသည် ကုလသမဂ္ဂမှ အကြီးတန်းအရာရှိတစ်ဦးနှင့် ရှားရှားပါးပါးတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် တင်းမာမှုတို့မြင့်တက်နေခြင်းမှာ အမေရိကန်က နျူကလီးယားဖြင့် ခြိမ်းခြောက်အကျပ်ကိုင်နေခြင်းကြောင့်ဟု အပြစ်တင်ခဲ့ကြောင်း အစိုးရမီဒီယာတွင် ဒီဇင်ဘာ ၉ ရက်က ဖော်ပြခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားက ကုလသမဂ္ဂနှင့် ပုံမှန်ဆက်ဆံရေးများ လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအကြီးတန်းအရာရှိ ဂျက်ဖရီဖဲ့လ်မန်းသည် တင်းမာမှုများကို လျော့ကျစေရန်ရည်ရွယ်သော ၎င်း၏ငါးရက်ကြာ မြောက်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ပြီး ဒီဇင်ဘာ ၉ ရက်တွင် ပေကျင်းသို့ပြန်ရောက်လာခဲ့သည်။ ထို့နောက်ဖဲ့လ်မန်းသည် မည်သည့်သတင်းထောက်နှင့်မှ စကားပြောခြင်းမရှိဘဲ မြောက်ကိုရီးယားသို့အဝင်အထွက်လုပ်ရန် အဓိကတစ်ဆင့်ခံနေရာဖြစ်သည့် ပေကျင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဖဲ့လ်မန်းသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြောက်ကိုရီးယားသို့သွားခဲ့သော ကုလသမဂ္ဂ၏ ပထမဦးဆုံး နိုင်ငံရေးဆိုင်ရာအကြီးအကဲတစ်ဦးလည်း ဖြစ်လာခဲ့သည်။

KCNA အစိုးရသတင်းဌာနတွင် ဖော်ပြချက်အရ ဖဲ့လ်မန်းသည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်မြောင်ကုတို့နှင့် တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂက ထောက်ပံ့ထားသည့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း တွေ့ခဲ့သည်ဟု သိရသည်။ “ကိုရီးယားကျွန်းဆွယ်မှာ လက်ရှိဖြစ်နေတဲ့ တင်းမာတဲ့အခြေအနေတွေဟာ DPRK (မြောက်ကိုရီးယား) အပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒတွေ၊ နျူကလီးယားခြိမ်းခြောက် အကျပ်ကိုင်မှုတွေကြောင့်ဖြစ်တဲ့အကြောင်း ဒီတွေ့ဆုံဆွေးနွေးမှုတွေအားလုံးမှာ ကျွန်တော်တို့ဘက်က ပြောကြားခဲ့ပါတယ်” ဟုသတင်း၌ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ရာထူးအဆင့်အမျိုးမျိုးမှတစ်ဆင့် သွားလာမှုများပြုလုပ်ကာ ကုလသမဂ္ဂနှင့် ပုံမှန်ဆက်ဆံမှုလုပ်ဆောင်သွားမည်ဟု သဘောတူခဲ့သည်ကိုလည်း သတင်းတွင်ဖော်ပြခဲ့သည်။ ဖဲ့လ်မန်းနှင့် ခေါင်းဆောင်ကင်ဂျုံအွန်တို့ တွေ့ခဲ့ခြင်းရှိမရှိကိုမူ ထိုသတင်းထဲ၌မပါဝင်ခဲ့ပေ။

လွန်ခဲ့သည့်သီတင်းပတ်က မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်နိုင်သည့် ဒုံးကျည်သစ်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ ယင်းနောက်အမေရိကန်နှင့် တောင်ကိုရီးယားတို့ကလည်း ၎င်းတို့၏ အကြီးမားဆုံး လေကြောင်းစစ်ရေးလေ့ကျင့်မှုကြီးအား စတင်လိုက်ချိန်မှာပင် ဖဲ့လ်မန်း၏ ယခုမြောက်ကိုရီးယားခရီးစဉ်လည်း စတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရန်စမှုတစ်ခုဟုရှုမြင်ကြောင်း မြောက်ကိုရီးယားက ဒီဇင်ဘာ ၉ ရက်တွင် ထပ်လောင်းပြောကြားခဲ့သေးသည်။ “ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယာကို လက်ဦးမှုယူပြီး နျူကလီးယားနဲ့ ရုတ်တရက်တိုက်ခိုက်လိုတဲ့ သူတို့ရဲ့ရည်ရွယ်ချက် ကြီးထွားလာတာကို ဖော်ညွှန်းနေတာ ဖြစ်ပါတယ်” ဟု ထိုအစိုးရသတင်း၌ ဖော်ပြသွားခဲ့သည်။

Most Read