ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဖမ်းဆီးထိန်းသိမ်းခံရ

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဖမ်းဆီးထိန်းသိမ်းခံရ
Published 10 December 2017

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ဟနွိုင်းတွင် လွှတ်တော်၌ တွေ့ရသော ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဒင်လာသန်း (ယာ) (Photo: AFP)

ဗီယက်နမ်နိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး Petro Vietnam အား ဦးဆောင်စဉ်ကာလအတွင်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုများ လွှဲချော်ခြင်းအတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဒင်လာသန်းကို ဒီဇင်ဘာ ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အသက် ၅၇ နှစ်အရွယ် သန်းသည် မေလတွင် ပေါ်လစ်ဗျူရိုအဖွဲ့မှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။ သန်းအား ဟနွိုင်းရှိ သူ၏နေအိမ်တွင် ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့က စောင့်ကြပ်နေကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီကို အတည်ပြုခဲ့သည်။ ကွန်မြူနစ်ပါတီ၏အတွင်း စည်းတွင်ရှိသော ထိန်းသိမ်းအဖွဲ့ဝင်တစ်ဦး ယခုကဲ့သို့ကျဆုံးခြင်းက ရှားပါးသောဖြစ်စဉ်တစ်ခုဖြစ်သည်။ ပေါ်လစ်ဗျူရိုအဖွဲ့သည် သမ္မတနှင့် ဝန်ကြီးချုပ်အပါအဝင် ထိပ်တန်းခေါင်းဆောင်များ ဖွဲ့စည်းထားသည့် သြဇာကြီးအဖွဲ့ဖြစ်သည်။

တရုတ်တွင် ခြစားမှုအား နှိမ်နင်းနေသကဲ့သို့ ကွန်မြူနစ်ဗီယက်နမ်ကလည်း ခြစားမှုဖြင့် ထိပ်တန်းတာဝန်ရှိသူအများအပြားကို အရေးယူနေသည်။ ထို့ပြင် အစိုးရပိုင်လုပ်ငန်းများ၌ စွမ်းဆောင်ရည်မပြည့်ဝမှု စွဲချက်များအတွက်လည်း ထိပ်တန်းတာဝန်ရှိသူများကို အရေးယူမှုများဆောင်ရွက်နေသည်။

သန်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Petro Vietnam ၏ဥက္ကဋ္ဌဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အစိုးရတာဝန်များထမ်းဆောင်ခဲ့သည်။ ဧရာမခြစားမှု အရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသော Ocean Bank တွင် Petro Vietnam ၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခြင်းအတွက် ၎င်းတွင်တာဝန်ရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

Ocean Bank သည် ဒေါ်လာသန်း ၄၀၀ ကျော်ပျောက်ဆုံးမှုအတွက် ဘဏ်ဝန်ထမ်းဟောင်း ၃၆ ဦးကို စက်တင်ဘာလတွင် ပြစ်ဒဏ်စီရင်ခဲ့သည်။ ထို့ပြင် ဘဏ်ဥက္ကဋ္ဌကိုလည်း ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့သည်။

Transparency International က ထုတ်ပြန်သည့် ခြစားမှုအညွှန်းကိန်းတွင် ဗီယက်နမ်သည် ၁၇၆ အဆင့်၌ အဆင့် ၁၁၃ သတ်မှတ်ခံရပြီး အရှေ့တောင်အာရှရှိ ထိုင်း၊ ဖိလစ်ပိုင်နှင့် မြန်မာတို့ထက် အဆင့်ပိုနိမ့်သည်။

Most Read

Most Recent