အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးမားဆုံး လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးစတင်

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးမားဆုံး လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးစတင်
Published 5 December 2017

ဒီဇင်ဘာ ၃ ရက်က တောင်ကိုရီးယား အနောက်တောင်ပိုင်း ဂန်ဆန်ဆိပ်ကမ်းမြို့ရှိ လေတပ်စခန်းတွင် တွေ့ရသော အမေရိကန်၏ တိုက်လေယာဉ်များ (Photo - AFP)

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့၏ အကြီးမားဆုံးလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့သည်။ မြောက်ကိုရီးယားကမူ ၎င်း၏အား အကောင်းဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီးရက် အနည်းငယ်အကြာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သော ယခုစစ်ရေးလေ့ကျင့်မှုကြီးကို “မီးကုန်ယမ်းကုန်ရန်စမှုကြီး” ဟု ခေါင်းစဉ်တပ်ခဲ့သည်။

ငါးရက်ကြာမြင့်မည့် Vigilant Ace စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်အတူ ရေဒါဖြင့် ဖမ်း၍မရနိုင်သော F- 22 Raptor ဂျက်တိုက်လေယာဉ်အပါအဝင် လေယာဉ်အစင်း ၂၃၀ ပါ ဝင်ကြောင်း၊ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား လေတပ်က ထုတ်ပြန်ခဲ့သည်။

ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးနှင့် ပတ်သက်၍ မြောက်ကိုရီးယားက အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် နျူကလီးယား စစ်ပွဲအား တောင်းဆိုနေခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၃ ရက်တွင်  ပြစ်တင်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ငါးရက်က အမေရိကန်တစ်နိုင်ငံလုံးသို့ ရောက်ရှိနိုင်သော တိုက်ချင်းပစ်ဒုံးကျည်သစ်တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပြီးနောက်  အမေရိကန်နှင့် တောင်ကိုရီးယားတို့က နှစ်စဉ်ပြုလုပ်နေကျ ယခုစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တင်းမာမှုများ မြင့်တက်နေစဉ် သြဇာကြီး ရီပက်ဘလီကင်တစ်ဦးဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒပိုင်းတွင် ရန်လိုသူတစ်ဦးလည်းဖြစ်သော အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က “အမေရိကန်သည် မြောက်ကိုရီးယားကို လက်ဦးမှုယူ၍ တိုက်ခိုက်မည့်စစ်ပွဲသို့ နီးကပ်လာနေပြီ” ဟု သတိပေးခဲ့သည်။ “မြောက်ကိုရီးယားဟာ မြေအောက်မှာ နျူကလီးယားစမ်း သပ်မှုတစ်ခု ပြုလုပ်ခဲ့မယ်ဆိုရင် အမေရိကန်ထံကနေ အလွန်ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခုအတွက် အဆင်သင့်ဖြစ်နေဖို့တော့ လိုအပ်ပါတယ်” ဟု ဂရေဟမ်က CBS ရုပ်သံ၏ Face the Nation အစီအစဉ်တွင် ပြောကြားခဲ့သည်။

“သူတို့ရဲ့နည်းပညာတွေဟာ အဆင့်မြင့်လာတဲ့အတွက် လက်ဦးမှုယူပြီး တိုက်ခိုက်နိုင်ခြေဟာလည်း ပိုပြီးဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဒုံးကျည်စမ်းသပ်မှုတိုင်း၊ မြေအောက်နျူကလီးယား စမ်းသပ်မှုတိုင်းဟာ ဒီကိစ္စပိုမို နီးကပ်လာပြီဆိုတဲ့ အဓိပ္ပာယ်ရပါတယ်” ဟု ၎င်းက ပြောကြားသွားခဲ့သည်။ ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ အိတ်ချ်အာရ်မက်မာစတာကလည်း မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားနိုင်ခြေမှာနေ့စဉ်နှင့်အမျှ မြင့်တက်လာသည်ဟု ဒီဇင်ဘာ ၂  ရက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့ နောက်ဆုံးလုပ် ဆောင်ခဲ့သည့် စမ်းသပ်မှုသည် အကွာအဝေးပိုင်း၌ ကြီးမားသည့် တိုးတက်မှုကြီးဖြစ်သည်ကို စောင့်ကြည့်သူများက သဘောတူခဲ့ကြသည်။ သို့သော် အတော်အတန်ပေါ့ပါးသည့် ပုံတူထိပ်ဖူးတပ်ဆင်မှသာ ဝေးလံလှသည့် ထိုခရီးကို ရောက်နိုင်မည်ဖြစ်ပြီး ပို၍လေးလံလှသော နျူကလီးယားထိပ်ဖူးကို ဒုံးကျည်က သယ်ဆောင်သွားပါက ထိုအကွာအဝေးသို့ ရောက်နိုင်ရန်  ခက်ခဲဖွယ်ရှိနေသည်။

Ref; AFP

Most Read

Most Recent