အီရန်က အိန္ဒိယသမုဒ္ဒရာ၌ ဆိပ်ကမ်းသစ်ကို ဖွင့်လှစ်

အီရန်က အိန္ဒိယသမုဒ္ဒရာ၌ ဆိပ်ကမ်းသစ်ကို ဖွင့်လှစ်
Published 5 December 2017

ချာဘာဟာဆိပ်ကမ်းသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည့် အီရန်သမ္မတ ရိုဟာနီ(လယ်)

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းချာဘာဟာရှိ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရသော ဆိပ်ကမ်းသစ်ကို ဒီဇင်ဘာ ၃ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ယင်းဆိပ်ကမ်းသည် အိန္ဒိယ၊ အာဖရိကနှင့် ဗဟိုအာရှဒေသတို့ကို ဆက်စပ်ပေးသည့် ကုန်သွယ်ရေးဗဟိုချက် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းမှာပင် အာဖဂန်နစ္စတန်သို့ပို့မည့် အိန္ဒိယဂျုံများကို ယင်းဆိပ်ကမ်း၌ ပထမဆုံး ကုန်တင်မှုလုပ်ခဲ့ကြကြောင်း အီရန်ဆိပ်ကမ်းများအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ ယင်းဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၀၃ ခုနှစ်က ပထမဆုံး စိတ်ကူးရခဲ့ပြီး လက်ရှိအချိန်အထိ တည်ဆောက်ရေးစရိတ်မှာ ဒေါ်လာတစ်ဘီလျံ ဝန်းကျင်ရှိသွားပြီ ဖြစ်သည်။ ဒေသတွင်းပြိုင်ဘက် ပါကစ္စတန်ကိုရှောင်ရန် လမ်းကြောင်းရှာနေသည့် အိန္ဒိယကလည်း ယခုဆိပ်ကမ်းအတွက် ဒေါ်လာ ၂၃၅ သန်းငွေကြေးထောက်ပံ့ခဲ့သည်။

ယင်းဆိပ်ကမ်းအား အီရန်အထူးတော်လှန်ရေးအစောင့်တပ်ဖွဲ့က ပိုင်ဆိုင်သော စီးပွားရေးကော်ပိုရေးရှင်းကြီး ဖြစ်သည့် Khatam al Anbia က ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ခဲ့ရသည်။ ဆိပ်ကမ်းသည် ကုန်တန်ချိန် ၁၂၀၀၀၀ နှင့်အထက် တင်ဆောင်ထားသော ကြီးမားသည့်သင်္ဘောကြီးများကို လက်ခံနိုင်ပြီး လာမည့် ၁၄ နှစ်အတွင်း ဆိပ်ကမ်းကို ထပ်မံတိုးချဲ့သွားဦးမည် ဖြစ်သည်။

ချာဘာဟာဆိပ်ကမ်းသည် ပင်လယ်ကွေ့ဒေသ၏ အပြင်ဘက်တွင်ရှိသော အီရန်၏ တစ်ခုတည်းသော ဆိပ်ကမ်းလည်း ဖြစ်သည်။

Ref; AFP

Most Read

Most Recent