ဖိလစ်ပိုင်သမ္မတဒူတာတေးအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများက ဆန္ဒပြမှုများ အပြိုင်အဆိုင် ပြုလုပ်

ဖိလစ်ပိုင်သမ္မတဒူတာတေးအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများက ဆန္ဒပြမှုများ အပြိုင်အဆိုင် ပြုလုပ်
Published 1 December 2017

နိုဝင်ဘာ ၃၀ ရက်က မနီလာတွင် ဒူတာတေး ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားနေစဉ် (Photo - AFP)

အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု စိုးရိမ်မှုများအား ပျံ့နှံ့စေခဲ့သည့် တော်လှန်ရေးအစိုးရတစ်ရပ်ကို ကြေညာမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ ခြိမ်းခြောက်ထားမှုအား ထောက်ခံသူနှင့် ကန့်ကွက်သူ ထောင်ပေါင်းများစွာတို့က နိုဝင်ဘာ ၃၀ ရက်တွင် အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

၎င်းအား ရာထူးမှဖယ်ရှားရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲလျက် ကာကွယ်နိုင်ရန် တော်လှန်ရေးအစိုးရတစ်ရပ် ထူထောင်ရန် ကြိုတင်ပြင်ဆင်နေသည်ဟု ဒူတာတေးက ပြီးခဲ့သောလတွင် သတိပေးခဲ့သည်။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး လူသားများ၏ အခြေခံအကျဆုံး အခွင့်အရေးများအား ချိုးဖောက်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ဖွယ်ရှိဟု လူ့အခွင့်အရေးအဖွဲ့များက သတိပေးခဲ့ကြသည့် ၎င်း၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို ဝေဖန်ခဲ့သည့် မီဒီယာများ၊ ဥရောပမှ ဥပဒေပြုအမတ်များနှင့် အခြားသူများအား ဒူတာတေးက ကြိမ်းမောင်းပြောဆိုခဲ့သည်။

စစ်အုပ်ချုပ်ရေးဥပဒေအား ပြဋ္ဌာန်းမည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်ထားသည့် အသက် ၇၂ နှစ်ရှိ ဒူတာတေးသည် နိုင်ငံအား အာဏာရှင်စနစ်သို့ ပြန်လည်ဆွဲချရန် ဆန္ဒရှိနေပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအတွင်း တရားစွဲဆိုမှုများ ပြုလုပ်ရာတွင် ပိုမိုလွတ်လပ်ခွင့်ရရှိစေရန် ကြိုးပမ်းမည်ကို ၎င်းအား ဝေဖန်သူများက စိုးရိမ်နေကြသည်။

နိုဝင်ဘာ ၃၀ ရက်တွင် အင်အား ၂၀၀၀ ကျော်စီရှိသော ဒူတာတေးအား ထောက်ခံသူနှင့် ကန့်ကွက်သူများသည် အဓိကရုဏ်းနှိမ်နင်းရေးရဲများက စောင့်ကြပ်နေသည့် မနီလာရှိ သမ္မတနန်းတော်အရှေ့ဘက်၌ စုဝေးခဲ့ကြသည်။ ယင်းနှစ်ဖွဲ့စလုံးတွင် ပါဝင်သူအများအပြားသည် တော်လှန်ရေးလှုပ်ရှားမှုများအတွက် ဖိလစ်ပိုင်၏ အစဉ်အလာအရောင်ဖြစ်သော အနီရောင်ကို ဝတ်ဆင်ထားကြသည်။

ဒူတာတေးအား ထောက်ခံသူများက တော်လှန်ရေးအစိုးရကို ထောက်ခံကြောင်းရေးထားသော စာတန်းများ ဝှေ့ယမ်းခဲ့ကြပြီး ၎င်းအား ဆန့်ကျင်သူများကမူ အာဏာရှင် ဒူတာတေးကို တိုက်ခိုက်ကြဟု ရေးထားသည့် စာတန်းများ ကိုင်ဆောင်ထားကြသည်။

ဒူတာတေးထောက်ခံသည့် ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ရခဲ့သော်လည်း ဆန့်ကျင်သည့်ဆန္ဒပြသူများမှာမူ နန်းတော်သို့ ချဉ်းကပ်လာစဉ် အဓိကရုဏ်းနှိမ်နင်းရေးရဲများ၏ မီးသတ်ပိုက်များဖြင့် ဖြိုခွဲမှုကို ကြုံတွေ့ခဲ့ရသည်။

ဖိလစ်ပိုင်တော်လှန်ရေး သူရဲကောင်း အင်ဒရီဘွန်နီဖာစီယို၏ (၁၅၄) နှစ်ပြည့် မွေးနေ့အား ဂုဏ်ပြုသည့် အများပြည်သူ အားလပ်ရက်တွင် ယင်းအပြိုင်အဆိုင်ဆန္ဒပြသူများက ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ဒူတာတေးအား ဆန့်ကျင်သူများကမူ ဒူတာတေးကို ဖြုတ်ချဟု ကြွေးကြော်လျက် ၎င်း၏ ပုံစံရုပ်ကြီးအား မီးရှို့ခဲ့ကြသည်။

ဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့လက်ချက်ဖြင့် လူ ၄၀၀၀ နီးပါး သေဆုံးခဲ့ရကြောင်း၊ အခြား လူထောင်ပေါင်းများစွာသည် စေတနာ့ဝန်ထမ်း ကင်းအဖွဲ့နှင့် ဆိုးယုတ်သောရဲများ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent