ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ဘဂ္ဂဒက်သို့ မကြေညာဘဲ သွားရောက်ခဲ့ပြီးနောက် ဆော်ဒီသို့ သွားရောက်

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ဘဂ္ဂဒက်သို့ မကြေညာဘဲ သွားရောက်ခဲ့ပြီးနောက် ဆော်ဒီသို့ သွားရောက်
Published 1 December 2017

နိုဝင်ဘာ ၂၉ ရက်က ရီယာ့ဒ်တွင် ဗြိတိန်ဝန်ကြီးချုပ်မေအား တွေ့ဆုံနေသော ဆော်ဒီဘုရင် ဆယ်မန် (ယာ) (Photo - AFP)

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် အီရတ်သို့ မကြေညာဘဲ သွားရောက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၉ ရက်က အရှေ့အလယ်ပိုင်း ခရီးစဉ်၏ ဒုတိယခရီးတစ်ထောက်အဖြစ် ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်သို့  ဝင်ရောက်ခဲ့သည်။ မေသည် ဘဂ္ဂဒက်ခရီးစဉ်တွင် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါအယ်အဘာဒီနှင့် တွေ့ဆုံခဲ့ပြီး IS တို့ကို မကြာသေးခင်က စစ်ရေးအောင်မြင်မှုများ ရရှိခဲ့မှုနှင့် ပတ်သက်ပြီး ချီးကျူးပြောကြားခဲ့သည်။

မေသည် ဒေသတွင်း ဆက်ဆံရေး မြှင့်တင်ရန်အတွက် အရှေ့အလယ်ပိုင်းသို့ သုံးရက်ကြာ ခရီးစဉ်ကို နိုဝင်ဘာ ၂၉ ရက် နှောင်းပိုင်းတွင် စတင်ခဲ့သည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစပြီး IS တို့က အီရတ်နယ်မြေ အများအပြားကို ထိန်းချုပ်ခဲ့သည်ကို အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းက ကျောထောက်နောက်ခံ ပေးထားသည့် အီရတ်တပ်ဖွဲ့ဝင်များက တိုက်ထုတ်နိုင်ခဲ့ပြီးနောက် မေကအီရတ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မေသည် ရီယာ့ဒ်သို့ ရောက်ရှိခဲ့ပြီးနောက် ဘုရင် ဆယ်မန်နှင့် သြဇာကြီးသော အိမ်ရှေ့မင်းသား မိုဟာမက်ဆယ်မန်တို့ကို တွေ့ဆုံခဲ့သည်။ ဆော်ဒီ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ယီမင်တွင် ဖြစ်ပွားနေသော လူသားချင်း စာနာထောက်ထားခြင်း အကျပ်အတည်းတို့ကို မေက အဓိကဆွေးနွေးခဲ့သည်။

ဆော်ဒီအာရေဗျသည် အရှေ့အလယ်ပိုင်းတွင် ဗြိတိန်၏အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၁၅ မတ်လနောက်ပိုင်းမှစ၍ ဗြိတိန်သည် ဆော်ဒီကို ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ တန်ဖိုးရှိသော လက်နက်ရောင်းဝယ်မှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။ ထိုကာလအတွင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတို့သည် ယီမင်တွင် ဗုံးကြဲစစ်ဆင်ရေး ဆောင်ရွက်ခဲ့သည်။

ယီမင်စစ်ပွဲသည် လူ ၈၆၀၀ ကျော် သေဆုံးစေခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် ဆော်ဒီဦးဆောင်သော စစ်ဆင်ရေးက အဓိကကျသည်ဟု ဝေဖန်သူများက ရှုတ်ချထားသည်။ ယီမင်တွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း အထူးသဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့မှုများအတွက် စိုးရိမ်ကြောင်း မေက အီရတ်နှင့်ပတ်သက်ပြီး ဘီဘီစီသို့ ပြောကြားခဲ့သည့် မှတ်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မေသည် ဒီဇင်ဘာ ၁ ရက်တွင် ခရီးစဉ် နောက်ဆုံးတစ်ထောက်အဖြစ် ဂျော်ဒန်သို့ သွားရောက်မည် ဖြစ်သည်။

ယခုလအစောပိုင်းက ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတို့သည် ယီမင်ဆိပ်ကမ်းများနှင့် လေဆိပ်များကို ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူသီသူပုန်တို့က ပစ်လွှတ်ခဲ့သည့် ဒုံးကို ဆော်ဒီက ကြားဖြတ်ဟန့်တားခဲ့ပြီးနောက် ယီမင်ကို တုံ့ပြန်အရေးယူခဲ့ခြင်း ဖြစ်သည်။

သူပုန်တို့က ထိန်းချုပ်ထားသော ယီမင်မြို့တော် ဆာနာသို့ ကုလသမဂ္ဂကယ်ဆယ်ရေး လေယာဉ်တစ်စင်းသည် နိုဝင်ဘာ ၂၅ ရက်က ဆင်းသက်ခွင့်ရရှိခဲ့ပြီးနောက် ပိတ်ဆို့မှုများ သက်သာရာရခဲ့သည်။

ကုလသမဂ္ဂလေယာဉ်သည် ကာကွယ်ဆေးများ သယ်ဆောင်လာခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ဟူသီတို့ ထိန်းချုပ်ထားသည့် ပင်လယ်နီဆိပ်ကမ်း ဆာလိသို့ ဂျုံများတင်ဆောင်လာသည့် သင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့သည်။ ကုလသမဂ္ဂက ဦးစီးနေသော ဆေးနှင့် စားနပ်ရိက္ခာများ ဖြန့်ဖြူးရေးအတွက် အဓိက ဝင်ပေါက်ဖြစ်သည့် ပင်လယ်နီဆိပ်ကမ်း ဟိုဒေးဒါမှတစ်ဆင့် အကူအညီများ ဝင်ရောက်မှုမှာမူ အနည်းငယ်သာရှိခဲ့သည်။

Ref ; AFP

Most Read

Most Recent