အမေရိကန်၏ မည်သည့်နေရာမဆို ပစ်နိုင်သည့် တိုက်ချင်းပစ်ဒုံးသစ်အား အောင်မြင်စွာစမ်းသပ်ပြီးနောက် နျူကလီးယားအင်အားကြီး နိုင်ငံဖြစ်ပြီဟု မြောက်ကိုရီးယား ကြေညာ

အမေရိကန်၏ မည်သည့်နေရာမဆို ပစ်နိုင်သည့် တိုက်ချင်းပစ်ဒုံးသစ်အား အောင်မြင်စွာစမ်းသပ်ပြီးနောက် နျူကလီးယားအင်အားကြီး နိုင်ငံဖြစ်ပြီဟု မြောက်ကိုရီးယား ကြေညာ
Published 30 November 2017

မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှုသတင်းအား နိုဝင်ဘာ ၂၉ ရက်က တိုကျိုတွင် ကြည့်ရှုနေသူတစ်ဦး (Photo - AFP)

မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သော ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက် နျူကလီးယားလက် နက်အင်အားကြီး နိုင်ငံတစ်နိုင်ငံအပြည့်အ၀ ဖြစ်သွားပြီဟု ခေါင်းဆောင်ကင်ဂျုံအွန်က နိုဝင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် နှစ်လကြာ ငြိမ်နေခဲ့ပြီးနောက်မှ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး  (ICBM) ကို ရုတ်တရက်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစမ်းသပ်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက် စိန်ခေါ်မှုသစ်တစ်ခုဖြစ်လာချိန်တွင် ထရန့်ကမူထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး ရှိလာမည်မဟုတ်ဟု ကတိပြုခဲ့သည်။

မြောက်ကိုရီးယား ရုပ်သံသတင်းတွင် ယင်းအကြောင်းကို အကြီးတန်းရုပ်သံတင်ဆက်သူ ရီချွန်ဟီးအား ကြေညာစေခဲ့သည်။ “ICBM Hwasong - 15 အမျိုးအစား လက်နက်စနစ်ဟာ အမေရိကန်ပြည်မကြီး တစ်ခုလုံးကို ပစ်ခတ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိပြီး အလွန်ကြီးမားလေးလံတဲ့ ထိပ်ဖူးတပ်ထားတဲ့ တိုက်ချင်းပစ်ဒုံးဖြစ်ပါတယ်” ဟု အစိုးရ သတင်းအေဂျင်စီ KCNA က ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်က စမ်းသပ်ခဲ့သည့် ထိုဒုံးသည် ယခင်စမ်းသပ်ခဲ့သော မည်သည့်ဒုံးထက်မဆို အဆင့်မြင့်ကြောင်း ယင်းသတင်း၌ ဖော်ပြခဲ့သည်။

Hwasong- 15 အမျိုးအစားဒုံးသည် အမြင့် ၄၄၇၅ ကီလိုမီတာ (၂၈၀၀ မိုင်) ရောက်ရှိခဲ့ပြီး ပစ်လွှတ်ရာနေရာမှ ကီလိုမီတာ ၉၅၀ အကွာသို့ ကျသွားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။ ထိုဒုံးကျည်သည် အာကာသထဲအထိ ရောက်ရှိသွားသဖြင့် ၎င်း၏ အမှန်တကယ် ပစ်နိုင်သော အကွာအဝေးမှာ ၁၃၀၀၀ ကီလိုမီတာရှိသည်ကို ညွှန်ပြနေကြောင်း အနောက်နိုင်ငံမှ ကျွမ်းကျင်သူများက ဆိုခဲ့ကြသည်။ ထို့ပြင် ယခုစမ်းသပ်မှုသည် ယခင်ဒုံးကျည်စမ်းသပ်မှုများထက် ပိုမိုရှည်ကြာပြီး အမေရိကန်၏ အဓိကမြို့ကြီးတိုင်းသို့ ရောက်ရှိနိုင်လိမ့်မည်ဟု သိရသည်။

နိုင်ငံတကာမှ တုံ့ပြန်မှုများ

မကြာသေးမီကပင် မြောက်ကိုရီးယား ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ပြီး အကြမ်းဖက်မှုများအား ထောက်ပံ့သော အမေရိကန်၏ အမည်ပျက်စာရင်းသို့ ပြန်ထည့်သွင်းခဲ့သည့် သမ္မတထရန့်၏ ယခု ဒုံးစမ်းသပ်မှုနှင့် ပတ်သက်သော ရုတ်ချည်းထုတ်ပြန်ချက်မှာ နားလည်ရခက်ခဲစရာ ဖြစ်နေသည်။ “အခြေအနေကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းသွားမှာပါ” ဟု ထရန့်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်ကလည်း မြောက်ကိုရီးယား ပြဿနာအတွက် သံတမန်ရေးဖြင့် ဖြေရှင်းရေးနည်းလမ်းမှာ အလားအလာရှိပြီး ဖွင့်ထားဆဲဟု ပြောကြားခဲ့သည်။

သို့သော် မြောက်ကိုရီးယား၏ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံများကမူ ထိန်းချုပ်နိုင်စွမ်း အများကြီးမရှိခဲ့ကြပေ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုစမ်းသပ်မှုသည် သည်းခံနိုင်စရာမရှိဘဲ အကြမ်းဖက်လုပ်ရပ်ဟု ခေါ်ဆိုခဲ့ကာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကမူ အဆင်ခြင်မဲ့သည့်လုပ်ရပ်ဟု အပြစ်တင်ခဲ့သည်။

မြောက်ကိုရီးယား၏ မဟာမိတ် တရုတ်ကမူ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိသည်ဟု ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်က ဒေသတွင်း၌ စစ်ရေးလေ့ကျင့်မှုများအားလုံးကို ရပ်ဆိုင်းပေးရန် တရုတ်အစိုးရ၏ အဆိုပြုချက်မှာ တင်းမာမှုကို ဖြေလျှော့ရန် အကောင်းဆုံးနည်းလမ်းဟု  နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ကန်စွမ်းက ပြောကြားခဲ့သည်။ အမေရိကန်ကမူ ထိုအဆိုပြုချက်ကို ပယ်ချထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူရန် သဘောတူခဲ့သည်။

သို့သော် အာကာသထဲသို့ ရောက်ရှိသွားသည့် ဒုံးကျည်ထိပ်ဖူးသည် ကမ္ဘာ့လေထုသို့ ပြန်လည်ဖြတ်သန်းဝင်နိုင်သည့် နည်းပညာအား မြောက်ကိုရီးယားက ရ မရနှင့် ပတ်သက်ပြီး မသေချာသေးပေ။

Ref ; AFP

Most Read

Most Recent