ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် ကက်သလစ်ဘုန်းကြီး ပျောက်ဆုံးသွားခဲ့

ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် ကက်သလစ်ဘုန်းကြီး ပျောက်ဆုံးသွားခဲ့
Published 30 November 2017

နိုဝင်ဘာ ၂၉ ရက်က ဒါကာရှိ ခရစ်ယာန်ဘုရားကျောင်းမှ ထွက်ခွာလာသော ခရစ်ယာန်သီလရှင်များနှင့် ဝတ်ပြုသူများ (Photo - AFP)

အစ္စလာမ္မစ်အစွန်းရောက်မှုကို ကြုံနေရသည့် ဘင်္ဂလားဒေ့ရှ်သို့ ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းမှ ကက်သလစ်ဘုန်းတော်ကြီး တစ်ဦးသည် ပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ ခရီးစဉ် စတင်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း နာတိုရီခရိုင်မှ ကက်သလစ် ခရစ်ယာန်ဘာသာရေးကျောင်းအုပ်လည်းဖြစ်သူ ဝေါ်တာဝီလျံရိုဆာရီရိုသည် ပျောက်ဆုံးနေကြောင်း မိသားစုက သတင်းပို့ခဲ့ပြီးနောက် ရှာဖွေရေးဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“သူက တနင်္လာနေ့ (နိုဝင်ဘာ ၂၇ ရက်) ကတည်းက ပျောက်နေခဲ့ပါတယ်။ သူ့မိုဘိုင်းဖုန်းကလည်း စက်ပိတ်ထားပါတယ်” ဟု ဒေသခံရဲမှူး ဘစ်လော့ဘီဂျွိုင်းတာလူကဒါက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အသက် ၄၀ အရွယ် ဝေါ်တာဝီလျံရိုဆာရီရိုသည် ပြန်ပေးဆွဲခံထားရသည်ဟု ယုံကြည်ကြောင်း အနီးအနားရှိ ရာရှာဟီမြို့မှခရိုင် ဘုန်းတော်ကြီး ဂါဘတ်ရိုဆာရီယိုက ပြောကြားခဲ့သည်။

“သူက ဒါကာမှာ ပုပ်ရဟန်းမင်းကို သွားတွေ့ဖို့ ကက်သလစ် ၃၀၀ လောက်ကို စုစည်းစီစဉ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူပျောက်ဆုံးသွားတာကြောင့် သွားတွေ့မယ့်လူတွေက မပျော်ကြတော့ဘူး။ ဒါကာကို မသွားချင်ကြတော့ပါဘူး” ဟု ဂါဘတ်ရိုဆာရီယိုက ပြောကြားခဲ့သည်။

ရိုဆာရီယို၏ ဖုန်းနံပါတ်ဖြင့် ပြန်ပေးငွေတောင်းဆိုသည့် ဖုန်းဆက်သွယ်မှုကို မိသားစုက ရရှိခဲ့ကြောင်း သို့သော်လည်း ထိုဖုန်းဆက်သွယ်မှုသည် လိမ်ညာမှုဟု ရဲတပ်ဖွဲ့က ယူဆကြောင်း ရဲမှူးတာလူကဒါက ပြောကြားခဲ့သည်။

အစ္စလာမ္မစ်အစွန်းရောက်တို့က ပြန်ပေးဆွဲမှုဖြစ်နိုင်ခြေကို ရဲများက ပယ်ချမထားခဲ့ပေ။ ပြီးခဲ့သည့် လေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ္မစ်အစွန်းရောက်တို့က အနည်းစု ဘာသာဝင်အုပ်စုများအား အကြမ်းဖက်မှုများ ဆောင်ရွက်ထားခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်သည့် ပုပ်ရဟန်းမင်းကြီးဖြစ်မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ လူဦးရေ သန်း ၁၆၀ တွင် ခရစ်ယာန်ဘာသာဝင် ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိပြီး မကြာသေးခင်နှစ်များအတွင်း အစ္စလာမ္မစ်အစွန်းရောက်တို့၏ တိုက်ခိုက်မှုများကို ခရစ်ယာန်တို့ ကြုံထားခဲ့ရသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှစပြီး အစ္စလာမ်ဘာသာမှ ကူးပြောင်းလာသူနှစ်ဦး အပါအဝင် ခရစ်ယာန်သုံးဦးသည် ဓားထိုးအသတ်ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုများအတွက် အကြမ်းဖက် Jamayetul Mujahideen Bangladesh (JMB) ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အပြစ်တင်ထားသည်။

Ref ; AFP

Most Read

Most Recent